ပါတီဝင် လျှောက်လွှာ စတင် ရောင်းချသည့်နေ့မှ ၃၅ ရက်အတွင်း လျှောက်လွှာစောင်ရေ ၅ သိန်းကျော် ရောင်းထားပြီး ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့က ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ပါတီဝင် လျှောက်လွှာ ၁ သန်း ဖြန့်ဝေခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် နေ့ အထိ ရောင်းချ ရမှု ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။
“ပါတီဝင် လျှောက်လွှာ ရောင်းပြီးသား စောင်ရေ ၅ သိန်းကျော် ရှိပါပြီ”ဟု ၎င်းက ပြောသည်။
သို့သော် စာရင်း မပြုစုရသေးသဖြင့် လျှောက်လွှာဖြည့်သွင်းပြီး ပါတီဝင်အဖြစ် လျှောက်ထားလာသူ အရေအတွက်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း၊ လျှောက်လွှာတစောင် ကျပ် ၁၀၀ ဖြင့် ဝယ်ယူသူ အားလုံး ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဦးအုန်းကြိုင်က ဆိုသည်။
“လျှောက်လွှာ ဝယ်သွားတဲ့လူတွေက ပြန်တင်ကြမှာပဲ။ လျှောက်လွှာစက္ကူက ၁၀ ပြားလောက် တန်တဲ့ စက္ကူ၊ ဘယ်သူမှတော့ မီးရှို့ဖို့ ၁၀၀ ပေးပြီး ဝယ်သွားမှာ မဟုတ်ပါဘူး”ဟု သူက ပြောသည်။
NLD ၏ ပါတီ မှတ်ပုံတင် လျှောက်ထားချက်ကို ဇန်နဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံလိုက်ပြီး နောက် ပါတီဝင် လျှောက်လွှာများကို နိုင်ငံတဝန်း ဖြန့်ဝေ ရောင်းချခဲ့ခြင်း ဖြစ်သည်။
ပါတီဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုကော်မတီဝင်များအပါအဝင် ပါတီဝင်ဟောင်းများပါ အသစ်တဖန် ပြန်လည်လျှောက် ထားခဲ့ကြရသည်။
လက်ရှိတွင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပါတီဝင် လျှောက်ထားသူများ တိုးပွားလာနေပြီး ယခုလ နောက်ဆုံးပတ်အတွင်း ရရှိထား သမျှ ပါတီဝင်စာရင်းကို ထုတ်ပြန်ပေးရန် စီစဉ်နေကြောင်း ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဦးအုန်းကြိုင်က ပြောသည်။
ပါတီဝင်အဖြစ် သတ်မှတ်ပုံကို ဦးအုန်းကြိုင်က“ထူးခြားတဲ့ အကြောင်းပြချက် မရှိတဲ့လူဟာ တိုင်းတို့ မြို့နယ်တို့က ကျနော်တို့ရုံးတွေမှာ လျှောက်လွှာတင်လိုက်တာနဲ့ ပါတီဝင်ဖြစ်ပြီလို့ သတ်မှတ်ပါတယ်”ဟု ပြောသည်။
ယနေ့အထိ ပါတီဝင်အဖြစ်သတ်မှတ်ရန် ငြင်းပယ်ထားသည့်လျှောက်လွှာ မရှိသေးကြောင်းနှင့် လျှောက်ထားသူများတွင် အခြား နိုင်ငံရေးပါတီဝင်များ မပါရှိစေရန် NLD က အထူးဂရုပြု စိစစ် နေကြောင်း သိရသည်။
အကယ်၍ နှစ်ပါတီဝင် ဖြစ်နေပါက NLD က တာဝန်ယူမည်မဟုတ်ဘဲ လျှောက်ထားသူကသာ မိမိဘာသာ ဖြေရှင်းရမည် ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
“ကျနော်တို့ဆီ လျှောက်လွှာတင်ပြီ ဆိုကတည်းက တခြားပါတီဝင် မဟုတ်စေရဘူး။ ပါတီကထွက်ထား ပြီးပြီဆိုတာ ဖြစ်ရမယ်။ လျှောက်လွှာ လာဝယ်ကတည်းက ပြောတယ်။ ဒီကိစ္စ ကိုယ့်ဟာကိုယ် ရှင်းရမှာနော်လို့ ပြောထားတယ်”ဟု သူက ဆိုသည်။
NLDမှ ခွဲထွက်သွားသူ၊ ထုတ်ပယ်ထားသူနှင့် နုတ်ထွက်ထားသူများ ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာပါက လျှောက်လွှာတွင် ကိုယ်ရေးရာဇဝင်ပါ ရေးသားဖော်ပြရန် သတ်မှတ်ထားပြီး ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ် ရေး ကော်မတီမှ စိစစ် လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး နှင့် လသာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်တို့မှာ NLD ပါတီဝင်ရန် လျှောက်လွှာ တင်ထားသည်။
NLD သည် ၁၉၉၀ ရွေးကောက်ပွဲကာလက ပါတီဝင် အင်အား ၁ သန်းခန့် ရှိကြောင်း သိရသည်။
လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် အင်အား၂၅ သန်းခန့်ရှိသည်ဟု တရားဝင်ပြုစုထားသည့် စာရင်းများ၌ ဖော်ပြ ပါရှိသည်။
မြန်မာနိုင်ငံတဝန်း နေထိုင်သည့် လူဦးရေမှာ သန်း ၆၀ ခန့် ရှိသည်။