ဇေကမ္ဘာ ကုမ္ပဏီ ၏ ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်ရွှေကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ လယ်မြေ အသိမ်းခံထားရသော လယ်သမားများက တရားစွဲဆိုမည်ဟု သိရသည်။

လယ်မြေများအား သိမ်းယူခဲ့စဉ်က စပါးစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်းတို့ လုပ်ပိုင်ခွင့်ရခဲ့ကြောင်း၊ ယခုအခါ စိုက်ပျိုးခွင့် မပြုသည့်အပြင် လယ်မြေများမှ အပြီးအပိုင် ထွက်ခွာသွားရန် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ တရားစွဲဆိုရန် ပြင်ဆင်
ရခြင်း ဖြစ်သည်ဟု လယ်ဧက ၅၀ အသိမ်းခံထားရသူ ဦးကျော်စိန် က ရှင်းပြသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ်သမား ၇၀ ကျော် ၏ လယ်မြေဧက ၁၀၀၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူထားခဲ့ပြီး လျော်ကြေးငွေ တဧကလျှင် ကျပ် ၃ သိန်းသာ ပေးခဲ့ကြောင်း သိရသည်။
ယင်းလယ်မြေများအား နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် နိုင်ငံတော်က သိမ်းယူခြင်းဖြစ်၍ လျော်ကြေး ပေး ရန် မလိုအပ်ဟု ဦးခင်ရွှေက ပြောဆိုကြောင်း၊ သို့သော် ၎င်းက သဒ္ဒါကြေးအဖြစ် ကျပ် ၃သိန်း ပေးခြင်းဖြစ်သည်ဟုလည်း ပြော ဆိုခဲ့ကြောင်း လယ်သမားများ က ပြောပြသည်။
“လယ်မြေတွေကို အပြီးရောင်းတာ မဟုတ်ပါဘူး၊ စက်မှုဇုန်အတွက် လမ်းတွေဖောက်ဖို့ မြေနေရာကိုပဲ တဧက ၃ သိန်းနဲ့ ကျေနပ် လိုက်ရတာပါ၊ အခု မောင်းထုတ်ခံနေရတဲ့အပြင် တရားစွဲမယ်လို့ပါ ခြိမ်းခြောက်လာတဲ့အတွက် ကျနော်တို့ကလည်း
တရား စွဲဖို့ ကိုယ်စားလှယ် လွှဲအပ်ထားပါတယ်”ဟု ဦးကျော်စိန် က ဆိုသည်။
ဦးခင်ရွှေအား လယ်မြေ သိမ်းယူမှု၊ နိုင်ငံတော်၏ အခွင့်အာဏာ အလွဲသုံးစား လုပ်ဆောင်မှုတို့ဖြင့် တရားစွဲဆိုရန် ပြင်ဆင် နေ
ကြောင်း လယ်သမားများ၏ ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသည့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၏ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ဧရာဝတီကို ပြောသည်။
လယ်သမား ၇၀ ကျော်အနက် လတ်တလော တွင် ၃၅ ဦး၏ လယ်မြေဧက ၈၁၅ ဧက အတွက် တရားစွဲဆိုနိုင်ရန် ဥပဒေ ကျွမ်း ကျင်သူများနှင့် ညှိနှှိုင်းနေပြီဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ဦးနေမျိုးဝေ က ဆိုသည်။
ထိုအမှုကို ရှေ့နေများကွန်ရက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုသည်များ၏ လွှဲအပ် ညွှန်ကြားချက်အပေါ် အခြေခံ ၍ တရားစွဲဆိုလွှာ ရေးသားပြီး ဥပဒေလမ်းကြောင်းအရ ကူညီပေးသွားမည်ဟု ရှေ့နေ ဦးအောင်သိန်း က ပြောသည်။
လယ်သမားများသည် မိမိတို့ လယ်မြေများအား လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်ခန့်ကပင် လုပ်ကိုင်စားသောက်၍ အ သက် မွေးဝမ်းကျောင်း ပြုနေကြကြောင်း၊ လယ်မြေများ အသိမ်းခံလိုက်ရခြင်းကြောင့် အနာဂတ်စားဝတ်နေရေးအတွက် စိုးရိမ်ကြောင်း လယ် ၁၄ ဧကနှင့် ဥယျာဉ်ခြံပါ အသိမ်းခံလိုက်ရသည့် ဒေါ်အုန်းမြင့်က ပြောသည်။
“သဘောၤသီး၊ ငှက်ပျောသီးတွေ ရောင်းချပြီးတော့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေတာ၊ အပင်တွေကို မကြာသေးခင်က
ခုတ်ခံလိုက်ရတော့ ဘာမှ မရှိတော့ဘူး၊ လယ်တဲထဲ ကပါ ဖယ်ရှားပေးဖို့ ဖိအားပေးခံနေရတယ်”ဟု ၎င်းက ဆိုသည်။
လယ်ကွင်းထဲရှိ ၎င်းတို့ မိသားစုနေထိုင်ရာ တဲအိမ်အား ဖျက်သိမ်း၍ ပြောင်းရွှေ့ကြရန် ဇေကမ္ဘာ ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော် ကိုယ်တိုင် လာရောက်၍ ဖိအားပေးခြင်း ဖြစ်သည်ဟု ဒေါ်အုန်းမြင့်က ပြောပြသည်။
ဦးခင်ရွှေသည် လယ်သမားများထံမှ တဧကလျှင် ကျပ် ၃ သိန်းနှင့်ရယူထားသည့် လယ်မြေများအား နိုင်ငံခြား ကုမ္ပဏီများထံ ကျပ်သိန်း ပေါင်းများစွာဖြင့် ပြန်လည် ရောင်းချရန် စီစဉ်နေခြင်းကြောင့် လယ်သမားများက ကျေနပ်မှု မရှိကြောင်းလည်း ဒေါ်အုန်းမြင့်က ပြောသည်။
၎င်း၏ လယ် ၁၄ ဧက အတွက် ရရှိထားသည့် ငွေဖြင့် ပြန်ဝယ်ယူမည် ဆိုပါက လယ် တဧက ခန့်သာ ရတော့မည်ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လယ်မြေ အများစုမှာလည်း ဦးခင်ရွှေ၏ အဓမ္မ သိမ်းယူခံထားရ၍ လယ်မြေရှားပါးနေကြောင်း ဒေါ်အုန်း မြင့်က ဆိုသည်။ အသိမ်းခံ လယ်မြေများသည် တဧက လျှင် ကာလပေါက်ဈေး ကျပ် သိန်း ၃၀၊ ၄၀ ဝန်းကျင် ရှိနေ
ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်အတွင်းကလည်း ဇေကမ္ဘာ ဦးခင်ရွှေသည် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် မွန်ပြည်နယ်အတွင်းရှိ လယ်သမား
များ၏ လယ်ယာမြေများကို လျှော်ကြေးငွေ အနည်းငယ်ပေး၍ သိမ်းယူခဲ့ရာ အစိုးရထံ တိုင်ကြားသော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဦးခင်ရွှေသည် ယခင် နဝတ၊ နအဖ စစ်အစိုးရ နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး စစ်အစိုးရ ၏ တတိယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ခမည်း ခမက် တော်စပ် သူ လည်း ဖြစ်သည်။