ရန်ကုန် လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ၁၈၀၀ ခန့်က ၎င်းတို့ တောင်းဆို ထားသည့် လိုလားချက်များ မရသေးသည့် အတွက် ၁၀ ရက် မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
ယမန်နေ့က အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် ၃၈ ဦးတို့ ညှိနှိုင်းရာတွင် အချိန်ပိုကြေး တနာရီ ၇၅ ကျပ်မှ ၁၅၀ ကျပ် တိုးမြှင့်တောင်းခဲ့သည်ကို ၂၅ ကျပ်သာတိုး၍ ၁၀၀ ကျပ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရက်မှန်ကြေး ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် တိုးမြှင့်တောင်းထားသည်ကိုလည်း လုံး၀ တိုးမပေးကြောင်း၊ ထို့အပြင် စာချုပ် လက်မှတ်ထိုးရမည့် အချက်အလက်များနှင့် လုံး၀ ခြားနားနေသောကြောင့် ဆက်လက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အလုပ်သမားတဦးဖြစ်သူ ကိုမျိုးမင်းသိန်းက ဧရာဝတီကိုပြောသည်။
အလုပ်သမားများအား အချိန်ပိုကြေး ၇၅ ကျပ်မှ ၁၀၀ ကျပ် အထိ တိုးပေးသည်ကို အလုပ်သမား ကိုယ်စားလှယ် တဦး၏ ပြောစကားအရ ၁၀၀ ကျပ် ထပ်တိုးပေးသည်ဟု ထင်မြင်ခဲ့မိ၍ အလုပ်သမားအများစုက တနာရီ အချိန်ပိုကြေး ၁၇၅ ကျပ်ဟု မှတ်ယူမှားခဲ့ရာ ယနေ့နံနက် စက်ရုံရှေ့သို့ လာရောက်မှ အဖြစ်မှန်ကို သိရသည်ဟု သူက ဆိုသည်။
သို့သော် အလုပ်သမား ၁၅ ဦးခန့်သည် စားဝတ်နေရေးခက်ခဲနေ၍ အချိန်ပိုကြေး ၂၅ ကျပ် ထပ်တိုးပေးသည်ကို လက်ခံကာ ယနေ့မှစတင် အလုပ်ပြန်ဆင်းကြောင်း သိရသည်။
ယခုလက်ရှိတွင် အလုပ်သမများ နေထိုင်ရာ အဆောင်များ၌ အလုပ်ရှင်၏ လူယုံများက ခြိမ်းခြောက်မှုရှိနေကြောင်း၊ စနေနေ့အထိ အလုပ်မဆင်းပါက အဆောင်မှ ဖယ်ရှားမည်၊ အလုပ်မှ ရာသက်ပန် ထုတ်မည်ဟု ပြောကြောင်း အလုပ်သမားများက ဆိုသည်။
“ကျနော်တို့ မနက် ၆ နာရီကတည်းက စက်ရုံရှေ့မှာပဲ ဆန္ဒပြတယ်။ အာဏာပိုင်တွေဘက်က ဘာမှ ခြိမ်းခြောက် တာတော့ မရှိသေးဘူး။ ကျနော်တို့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်ကပဲ ခြိမ်းခြောက်နေတာပါ” ဟု ကိုမျိုးမင်းသိန်းက ပြောသည်။
အလုပ်ရှင်၏ တရားဥပဒေမဲ့ ခြိမ်းခြောက်မှုများ၊ အလုပ်သမား ရပိုင်ခွင့်များကို မျက်ကွယ်ပြုနေမှုများ အတွက် အလုပ်သမား ပြဿနာဖြေရှင်းရေး ဝါဏိဇ္ဇ ခုံရုံးသို့ ဥပဒေကြောင်းအရ တင်ပြတိုင်ကြားသွားရန် အလုပ်သမား ကိုယ်စားလှယ် ၄၆ ဦးကို ရွေးချယ်ထားပြီး ဥပဒေရေးရာ အကူအညီပေးသူ ရှေ့နေ ကိုဖိုးဖြူကို ကူညီပေးရန် ပြောဆိုထားသည်ဟု သူက ဆက်ပြောသည်။
ဆန္ဒပြမှု ၆ ရက်မြောက်နေ့က အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကိုယ်တိုင် လာရောက်ခဲ့သော် လည်း မပြေလည်ခဲ့ကြောင်း၊ ယခု အလုပ်သမားများ၏ နစ်နာချက်များကို အချက် ၁၇ ချက်နှင့်တကွ တင်ပြတောင်းဆို ထားသော်လည်း အလုပ်ရှင်ဘက်က ပြေလည်အောင် မဖြေရှင်းသေးသည်မှာ ရက်ကြာသည်နှင့်အမျှ အလုပ်သမား များ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း သိရသည်။
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု သတင်းကို ပြည်တွင်း သတင်းဂျာနယ် များတွင် ဖော်ပြမှု အားနည်း နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောသည်။
“သတင်းဂျာနယ်တွေက ဓာတ်ပုံလည်း လာရိုက်တယ်၊ အင်တာဗျူးတွေလည်း လုပ်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောတာတွေ အပြည့်အစုံ ပါလာတာ မတွေ့ရဘူး” ဟု သူက ဆိုသည်။