လာမည့် တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး သီတင်းသုံးနေသော ကျောင်းတိုက်မှ ထွက်ခွာရမည့် ရွှေညဝါဆရာတော် ဦးပညာသီဟသည် ယမန်နေ့က စတင်ပြီး ရာနှင့်ချီသော စာသင်သားသံဃာများနှင့်အတူ ရန်ကုန်မြို့တွင် ဆွမ်းခံထွက်လျက် ရှိသည်။

လေးရက်ဆက်တိုက် မြို့နယ်တစ်မြို့ချင်းစီ ဆွမ်းခံကြွရန် စီစဉ်ထားပြီး ယနေ့ နံနက်တွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဆွမ်းခံကြွခဲ့ရာ လမ်းတိုင်းတွင် ဒကာ၊ ဒကာမများစွာ စောင့်ဆိုင်းပြီး ဆွမ်းလောင်းခဲ့ကြသည်။
“မနေ့က ကမာရွတ် လှည်းတန်းဘက်ကို ဆွမ်းခံကြွတာ ဒကာ၊ ဒကာမတွေ တလမ်းလုံး ဆွမ်းလောင်းကြတယ်၊ ဒီနေ့လည်း သံဃာတွေ မနေ့ကထက် များတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး(စမ်းချောင်း)က ပြောသည်။
ထိန်းသိမ်းခံထားရာမှ မကြာမီက လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆွမ်းခံထွက်သည့် သံဃာများနှင့်အတူ လိုက်ပါလျက်ရှိသည်။
ရက်ပိုင်းအတွင်း ထွက်ခွာပေးရမည့် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်ဦးပညာသီဟက “ဆွမ်းခံထွက်ရင်း ဒကာ၊ ဒကာမတွေကိုပါ နှုတ်ဆက်တာပါ” ဟု မိန့်သည်။
မြန်မာပြည်တွင် ထင်ရှားသည့် ရွှေညဝါ ဆရာတော်၏ တရားပွဲ VCD များကို နိုင်ငံအနှံ့တွင် ကူးယူကြည့်ရှုလျက်ရှိသည်။
သူ၏ ဟောပြောချက်တချို့ကို သက်ဆိုင်ရာ သံဃာ အဖွဲ့အစည်းက သဘောမတူသည့်အတွက် ၂၀၁၁ နှစ်ကုန်ပိုင်းမှ အစပြုပြီး မြန်မာနိုင်ငံအတွင်း တရားဟောခွင့် တနှစ် ပိတ်ပင်ထားခဲ့သည်။
ဧရာဝတီသတင်းဌာနက ထိုဟောပြောချက်များနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ “တရားဟောရင်လည်း မာမာထန်ထန် ဟောတတ်ပြောတတ်တဲ့ သဘာဝရှိတယ်၊ ပုထုဇဉ် သဘာ၀ အလျောက် အမှားပါနိုင်တယ် ဆိုတာတော့ ရိုးသားစွာ ဝန်ခံနိုင်ပါတယ်၊ ဟုတ်မှန်တယ် ထင်လို့ ပြောတာကို တဘက်ကျတော့ အမှားဖြစ်ရင်လည်း ဖြစ်နိုင်မှာပါ” ဟု ဆရာတော်က မိန့်သည်။
တရားဟောခွင့် ပိတ်ပင်ခံထားရသည့် ကာလအတွင်း ဆရာတော်သည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ သွားရောက်၍ သြဝါဒ ပေးခဲ့ရာ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆရာတော်အား ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ထိုသို့ အရေးယူခံရသည့် ဆရာတော်အား NLD ခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများက သွားရောက် အားပေး ဝန်းရံခဲ့ကြသည်။
ရွှေညဝါ ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနား၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ယခု သူထွက်ခွာပေးရမည့် သာဓု ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့သည်။