အစိုးရ အာဏာပိုင်များက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပေးထားသော ကတိကို ဖျက်ပြီး တရားစွဲဆိုခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်က ပြောဆိုလိုက်သည်။
ယမန်နေ့က ရန်ကုန် မြောက်ပိုင်း ခရိုင် အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ရာ မန်းငြိမ်းမောင်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ခဲ့သည်ဟု ၎င်း၏ ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောသည်။
“သူ့ကို တရားမစွဲပါဘူး၊ ငြိမ်းချမ်းရေးအတွက် ကူညီပါလို့ ပြောလို့ သူလည်း တတ်နိုင်သမျှ ကူညီခဲ့တယ်။ ပြီးတော့ တရားစွဲတော့ သူက တော်တော့်ကို စိတ်ထိခိုက်ပြီးတော့ စိတ်မကောင်း ဖြစ်နေတယ်။ သူပြောတဲ့ စကားလုံးအတိုင်း အတိအကျ ပြောရရင်တော့ သူ အလိမ်ခံရတာပဲလို့ ပြောတယ်ဗျ”ဟု ဦးကြီးမြင့်က ပြန်ပြောပြသည်။
မန်းငြိမ်းမောင် တဦးတည်းကို တရားလိုနှင့် တရားခံ ရှေ့နေတို့က ၃ နာရီခန့် အကြာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
“သူကတော့ KNU ဗဟိုကော်မတီဝင် ဖြစ်တဲ့ အကြောင်း မငြင်းဘူး၊ ဒါပေမယ့်လို့ သူက ငြိမ်းချမ်းရေး ကိစ္စတွေ နိုင်ငံတော်ကို အကူ အညီပေးခဲ့တယ်လို့ သူက ထွက်ဆိုခဲ့တယ်”ဟု မန်းငြိမ်းမောင်၏ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောသည်။
ပဒို မန်းငြိမ်းမောင်အမှု အတွက် တရားခံပြ သက်သေအဖြစ် မီးရထား ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ အရာရှိ ၈ ဦးကို ဆင့်ခေါ်ပေးရန် တရားရုံးသို့ တင်ပြထားကြောင်း သိရသည်။
စစ်ကြောရေး ကာလအတွင်း၌ ဦးအောင်မင်း စေလွှတ်လိုက်သည့်အရာရှိများက မန်းငြိမ်းမောင်ကို လာရောက်တွေ့ဆုံပြီး KNU နှင့် အစိုးရအကြား ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်များတောင်းခံခဲ့သောကြောင့် သက်သေအဖြစ် ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ဦးကြီးမြင့် က ပြောသည်။
“ပဒို မန်းငြိမ်းမောင်ဟာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ အကြံဉာဏ်ကောင်းတွေပေးခဲ့တယ်၊ အဲဒါတွေရရှိခဲ့တာ မှန်မမှန်ပေါ့၊ ငြိမ်းချမ်း ရေး ဖော်ဆောင်သူ ဖြစ်တဲ့အကြောင်း ပုံဖော်ချင်လို့ ဆင့်ခေါ်တာ ဖြစ်ပါတယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။
တရားခံပြ သက်သေ ဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ ယခုလ၂၃ ရက်နေ့တွင် တရားရုံးက ဆုံးဖြတ်ချက်ပေးမည် ဖြစ်သည်။ သို့ သော် သက်သေများကို တရားရုံးက ဆင့်ခေါ်ပေးပါက အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ခေါ်မပေးခဲ့ပါက ထို့နေ့ တွင်ပင် အပြီးသတ် လျှောက်လဲ၍ အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ပဏမ အဆင့် သဘော တူ လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် ပဒို မန်းငြိမ်းမောင်ကို လွှတ်ပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောဆို ခဲ့သည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်တဲ့ အပေါ်မှာ ဒီလို တရား မစွဲသင့်ဘူး၊ ပေးထားတဲ့ ကတိပျက်တယ် ဆို တာ၊ တိုင်းရင်းသား လူမျိုးစုတွေက အလိုလိုသိပ်ပြီးတော့ မယုံချင်တဲ့ဥစ္စာ၊ သူတို့ ပြောတဲ့စကားတွေကို ယုံကြည့်ဖို့ခက်ရင် ငြိမ်းချမ်း ရေး ပျက်သွားနိုင်တယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောတယ်”ဟု ဦးကြီးမြင့်က ဆိုသည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်နဝါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့သည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင်လည်း ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
သန်းထိုက်ဦး နှင့် သန့်စင်ငြိမ်းချမ်း ပူးပေါင်း ရေးသားသည်။
ဆက်စပ်သတင်းများ –
- ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်
- မန်းငြိမ်းမောင်ကို ရုံးတင် စစ်ဆေးနေ
- ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ်