ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်း လစာများ မဖြစ်မနေ တိုးမြှင့်ပေးရေး အဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု အစိုးရက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု အစိုးရသည် ပြည်တွင်း၌ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
သူရ ဦးရွှေမန်း၏ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆိုအား ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များအားလုံး တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ၁၉၅၉ – ၁၉၆၀ ခုနှစ်က နိုင်ငံ့ဝန်ထမ်းများ ရရှိသည့် လစာစရိတ်အတိုင်း ခံစားနိုင်ရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု အစိုးရကို တိုက်တွန်းခဲ့သည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်၏ တောင်းဆိုမှု အပေါ် သမ္မတ ဦးသိန်းစိန်ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တုံ့ပြန်ရှင်းလင်းခဲ့ပြီး လာမည့် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းလစာတိုးရန် မဖြစ်နိုင်ကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်သာ ပြင်ဆင်လုပ်ဆောင်၍ ရနိုင်မည်ဖြစ်ကြောင်း ပြောဆို ငြင်းပယ်လိုက်သည်။
“၁၉၅၉ – ၁၉၆၀ ခုနှစ်က နိုင်ငံ့ဝန်ထမ်း လစာ တန်ဖိုးအတိုင်းရရှိအောင် တွက်ချက်ပေးရမယ်ဆိုရင် အဲဒီတုန်းက စပါးဈေးက တင်းတရာကို ၃၅၀ ကျပ်၊ ဆန်တပြည် ၈၈ ပြား၊ ရွှေတကျပ်သားမှ ၂၇၂ ကျပ်ပဲ ရှိတယ်။ အဲဒီအချိန်က အနိမ့်ဆုံး မြို့ပြဝန်ထမ်း တဦးရဲ့ လစာက ၈၂ ကျပ်။ အဲဒီလစာနဲ့ ရွှေ ဝ. ၃ ကျပ်သား ဝယ်ယူနိုင်ပါတယ်။ ဒီနေ့ရွှေပေါက်ဈေးအရ ရွှေ ဝ. ၃ ကျပ်သား
ဝယ်ဖို့ဆိုရင် ကျပ် ၂၁၀၀၀၀ ကုန်ကျမှာဖြစ်လို့ အနိမ့်ဆုံး ဝန်ထမ်းလစာကို ကျပ် ၂၁၀၀၀၀ အထိ ထားပေးဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂၆၃ ခန့်ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးလှထွန်းက ရှင်းပြသည်။
လာမည့် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ့ဝန်ထမ်းလစာ စုစုပေါင်း ကျပ် ၉၁၈. ၃၈၅ ဘီလီယံသုံးစွဲမည် ဖြစ်သော်လည်း ၁၉၅၉-၁၉၆၀ ခုနှစ် တန်ဖိုးနှင့်အညီ လစာတိုးလျှင် ဘတ်ဂျက်ငွေလိုငွေပြမှု ကျပ်ဘီလီယံ ထောင်ချီ ဖြစ်ပေါ်မည်ဟု ၎င်းက ဆိုသည်။
၁၉၅၉ -၆၀ ခုနှစ်တန်ဖိုးနှင့်အညီ လစာတိုးပေးမည်ဆိုပါက အနိမ့်ဆုံး မြို့ပြဝန်ထမ်းတဦး လစာ ကျပ် ၈၂၀၀၀ မှ အမြင့်ဆုံး ကျပ် ၁၆ သိန်းအထိတိုးပေးရမည်ဖြစ်ကြောင်း၊ ထိုသို့တိုးပေးလိုက်ပါက နိုင်ငံ့ဝန်ထမ်းလစာနှင့်စရိတ် စုစုပေါင်း ကုန်ကျငွေ ကျပ် ၃၃၀၉. ၂၈၆ ဘီလီယံသုံးစွဲရမည် ဖြစ်သောကြောင့် လက်ရှိသုံးစွဲနေသော ကျပ် ၉၁၈.၃၈၅ ဘီလီယံထက် ၂၉၉၇.၉၀၁ ဘီလီယံ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ အငြိမ်းစား ဝန်ထမ်းလစာများပါ ထပ်မံတိုးရမည် ဖြစ်သောကြောင့် စုစုပေါင်း ၁၉၂၅.၂၈၂ ဘီလီယံ သုံးစွဲရမည် ဖြစ်ရာ လက်ရှိ သုံးစွဲနေသည့် ၃၃၅.၄၁၅ ဘီလီယံထက် ကျပ် ၁၅၈၉.၈၆၇ ဘီလီယံ ပိုကုန်ကျမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသများမှ အစိုးရဝန်ထမ်းများအတွက် လစာထပ်ဆောင်း ပေးရလျှင် ကျပ် ၁၂၉.၆၆၁ ဘီလီယံ ကုန်ကျမည် ဖြစ်သောကြောင့် ၁၀၇. ၀၇ ဘီလီယံ ပိုမိုကုန်ကျဖြစ်ကြောင်း၊ ထို့ကြောင့် ဘတ်ဂျတ် လိုငွေပြမှု စုစုပေါင်း ကျပ် ၆၆၁၂.၇၂၈ ဘီလီယံ ဖြစ်လာမည်ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။
လက်ရှိလစာ နှုန်းထား၏ ၁၀၀ ရာခိုင်နှုန်း လစာတိုးမြှင့်လျှင် ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၃၇၈၇. ၂၂၇ ရှိမည်ဖြစ်၍ ၅၀ ရာခိုင်နှုန်းသာ ဝန်ထမ်းလစာ တိုးမြှင့်ပေးလျှင် အစိုးရဘတ်ဂျက် လိုငွေပြမှု ၃၁၅၂. ၅၁၈ ဘီလီယံ ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။
“လက်ရှိလစာရဲ့ ၁၀၀ ရာခိုင်နှုန်း တွက်ချက်တိုးပေးရင် အနိမ့်ဆုံးလစာက ကျပ် ၇၀၀၀၀ နဲ့ အမြင့်ဆုံးလစာက ၄၂၀၀၀၀ ဖြစ်မယ်။ ဘတ်ဂျက်လိုငွေပြမှုက ကျပ် ၃၇၈၇.၂၂၇ ဘီလီယံဖြစ်ပြီး လိုငွေနဲ့ GDP အချိုးက ၇.၃၇ ရာခိုင်နှုန်း ဖြစ်မယ်။လစာရဲ့ ၅၀ ရာခိုင်နှုန်းကို တွက်ချက်တိုးမြှင့်မယ် ဆိုရင် အနိမ့်ဆုံး ကျပ် ၅၂၅၀၀၊ အမြင့်ဆုံးလစာက ကျပ် ၃၁၅၀၀၀ ဖြစ်မယ်။ လက်ရှိလစာထက် ၅၀ ရာခိုင်နှုန်းပဲတိုးပေးမယ်ဆိုရင် ဘတ်ဂျက်လိုငွေပြမှုက ကျပ် ၃၁၅၂. ၅၈၁ ဘီလီယံဖြစ်တဲ့အတွက် လိုငွေနဲ့ GDP အချိုးက ၆.၁၄ ရာခိုင်နှုန်းဖြစ်ပါမယ်” ဟု ဦးလှထွန်းက ဆိုသည်။
အစိုးရဝန်ထမ်းလစာ တိုးမြှင့်ပေးရာတွင် ပြည်ပမှ ငွေချေးယူ၍ တိုးပေးပါက ကြွေးမြီစရိတ် ထပ်မံ မြင့်တက်လာမည် ဖြစ်ပြီး ငွေစက္ကူ ရိုက်နှိပ်သုံးစွဲပါကလည်း ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် တိုင်းပြည် စီးပွားရေး မတည်မငြိမ် ဖြစ်ကာ အခြေခံ လူတန်းစားများ ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေနှင့် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကြွေးမြီမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၂၃.၂၉၈ ရှိပြီး ယင်းအကြွေး အများစုမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ချေးငွေများ ဖြစ်ကြောင်း၊ ယခုအခါ အစိုးရသစ်က အကြွေးကိစ္စနှင့် ပတ်သက်ပြီး ကြွေးရှင်များ ဖြစ်သည့် ဂျပန်နှင့် အီတလီနိုင်ငံများအား စတင်ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်၊ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံနေရခြင်း တို့ကြောင့် လာမည့်နှစ်တွင်
ဝန်ထမ်းလစာတိုးရန် လုံး၀ မဖြစ်နိုင်ကြောင်း၊ ဝန်ထမ်းလစာ တိုးမြှင့်ရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော အဖွဲ့ ဖွဲ့စည်းကာ နည်းလမ်းများ ရှာရမည်ဖြစ်သည့်အပြင် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းလစာ တိုးရန်ကိစ္စကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျမှသာ စတင်လုပ်ဆောင်သင့်ကြောင်း ဦးလှထွန်းက လွှတ်တော် ကိုယ်စားလှယ် များကို ရှင်းလင်းပြောဆိုသည်။
အစိုးရ အဆက်ဆက်သည် ၁၉၄၈ ခုနှစ်မှ ယနေ့အထိ အစိုးရဝန်ထမ်းလစာ တိုးမြှင့်မှု ၉ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ၁၉၇၂ ခုနှစ် အောက်တိုဘာလ၊ ၁၉၇၆ ခုနှစ် ဇူလိုင်လ၊ ၁၉၈၁ ခုနှစ် ဧပြီလ ၁ ရက်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁ ရက်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက်၊ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်၊ ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့၊ ၂၀၁၀ ဧပြီလ ၁ ရက်နေ့ တို့တွင် ဝန်ထမ်းလစာ တိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်ဟု အစိုးရ၏ တရားဝင် သတင်း ထုတ်ပြန်ချက်များအရ သိရသည်။