ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဘီဂျေ နမ်ဘီယာက ဒေါ်အောင် ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့နိုင်ငံရေး ပိုမိုကောင်းမွန်လာနိုင်သည် ဟု ယမန်နေ့က ပြောကြားလိုက်သည်။
မစ္စတာ နမ်ဘီယာသည် ယမန်နေ့ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁ နာ ရီ ကျော်ကြာတွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မစ္စတာ နမ်ဘီယာက လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲ စောင့် ကြည့် လေ့လာသူများ လာရောက်ခွင့်ပြုရန် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အလေးအနက် ဆွေးနွေး တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းကလည်း မစ္စတာ နမ်ဘီယာသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွ့ံ့ဖြိုးရေး အစီအစဉ်(UNDP)ရုံးတွင် ဦးခွန် ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သေးသည်။
ထို့အပြင် ကရင်နှင့် မွန်ပြည်နယ် ဒေသများသို့လည်း ၎င်း၏ခရီးစဉ်အတွင်း သွားရောက်၍ တိုင်းရင်းသားများအရေး၊ ဒုက္ခသည်များအရေးကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ချုပ်ငြိမ်းသွားစေရေး အတွက် ကုလသမဂ္ဂအနေနှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင် ပြောင်းလဲမှု တိုးတက်စေရေးလည်း အလေးထားလုပ်ဆောင်သွားမည်ဟု မစ္စတာ နမ်ဘီယာက ဆိုသည်။
မစ္စတာ နမ်ဘီယာသည် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)အပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ခေါင်းဆောင်များနှင့်လည်း UNDP ရုံးတွင် ယနေ့တွေ့ဆုံမည်ဖြစ်သည်။
“ကျနော်တို့ကတော့ ဘာမှ ပြင်ဆင်ထားတာ မရှိပါဘူး။ သူကမေးလာတဲ့အပေါ် မူတည်ပြီး ဆွေးနွေးသွားကြမှာပါ”ဟု NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံရေးပါတီများက တာဝန်ရှိသူများ၊ အခြားသော အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးသည့် သတင်းအချက်အလက် စုဆောင်းထားချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ထံ အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်းလည်း နမ်ဘီယာက ဆိုသည်။
မစ္စတာ နမ်ဘီယာသည် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်၍ ၅ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံရေးခြားဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အပါအဝင် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ သည်။
ထို့အပြင် လွှတ်တော် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဖွံဖြိူးတိုးတက်မှုဆိုင်ရာ မူဝါဒ ညီလာခံကိုလည်း တက်ရောက်ခဲ့ သည်။ ယနေ့ညနေပိုင်းတွင် မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
မစ္စတာ နမ်ဘီယာသည် ၂၀၁၂ ခု ဇန်နဝါရီလ ၂၆ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။၂၀၀၇ ခုနှစ်က စတင်၍ ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး တာဝန် ထမ်းဆောင်သည်။