ကမ္ဘောဇ လေကြောင်းလိုင်း(Air KBZ)မှ ATR 72 အမျိုးအစား လေယာဉ်တစီး ယနေ့နံနက် ၁၀နာခွဲခန့်က ရခိုင်ပြည်နယ် သံတွဲမြို့မဇင် လေဆိပ် အဆင်းတွင် ဘီးချော်ပြီးဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရကြောင်း သတင်းရသည်။

ရန်ကုန်-ညောင်ဦး- ဟဲဟိုး- သံတွဲ ပြေးဆွဲနေသည့် လေယာဉ်ဖြစ်ပြီး ငပလီ ကမ်းခြေတွင် လာရောက် အပန်းဖြေမည့် နိုင်ငံခြားသား ခရီးသွား ၃၀ ခန့်တင်ဆောင်ထားကြောင်း၊ လေယာဉ်ဆင်းသက်စဉ် ဘီးထိန်းစနစ် ချွတ်ယွင်းသည့်အတွက် ဖြစ်ကြောင်း လေဆိပ်မှ တာဝန်ရှိသူတဦးကပြောသည်။
“ဟဲဟိုးကလာတာ အဆင်းမှာ ရှေ့ဘီးချလိုက်တော့ ဘီးပေါက်နေတယ်၊ အဲဒီတော့ကျိုးပြီး စိုက်ဆင်းသွားတာ၊ ဗိုက်နဲ့ဆင်းလိုက် ရ တယ်၊ လေယာဉ်မှူးက ဘရိတ်အုပ်ထိန်းပြီး ဘေးကိုဆွဲလိုက်တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ ပြေးလမ်းချော်သွားသော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ လတ်တလောတွင် တခြားသောလေယာဉ်များဆင်းသက်ရန်အတွက် လေယာဉ်ပြေးလမ်း ကို ပေ ၆၀၀၀ သာ အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။
သွားရောက်ကြည့်ရှုသည့် သံတွဲမြို့ခံတဦးကလည်း ယင်းလေယာဉ်သည် ဘီးတချို့ပြုတ်ထွက်နေပြီး ပြေးလမ်းကြောင်း ဘေးရှိ သဲကျောက်များ ပုံထားသည့်နေရာတွင် တင်နေကြောင်း၊ မီးလောင်ကျွမ်းမှုမရှိသကဲ့သို့ လေယာဉ်အတောင်ပံလည်း ပျက်စီးသွားခြင်း မရှိကြောင်း ပြောပြသည်။
“လေယာဉ်မောင်းတဲ့ ကပ္ပိတိန်က လေယာဉ်ကို ဆွဲလှည့်ထားပုံ ရတယ်၊ တည့်တည့် ဆက်သာသွားရင် ပင်လယ်ထဲကို ထိုးကျမှာ” ဟု ၎င်းက ဆိုသည်။
မဇင် လေယာဉ်ကွင်း ပြေးလမ်းသည် ပင်လယ်ကမ်းစပ်နှင့် အလွန်နီးကပ်လျက် ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် Air Kanbawza(Air KBZ) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ၊ ဦးတေဇပိုင် Air Bagan ၊ Asian Wings ၊ Air Mandalay ၊ ဦးဇော်ဇော် ၏ Yangon Airways စသည့်လေကြောင်းလိုင်းများ ပြေးဆွဲနေသည်။