မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထောက်ခံ အားပေးသည့် အနေဖြင့် ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက မကြာသေးမီက ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Ms. Pamela Cox က “မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အားရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေပါပြီ။ ဆင်းရဲသားတွေ၊ ဖူလုံမှုမရှိသူတွေ အပါအဝင် မြန်မာပြည်သူတွေ အကျိုးရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောထားကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက စီးပွားရေး အခြေခံအဆောက် အအုံများ၊ ဘဏ္ဍာရေး ကဏ္ဍများနှင့် ပတ်သက်ပြီး လေ့လာ သုံးသပ်ပေးနိုင်ရန် ကျွမ်းကျင်သည့်ပညာရှင်များ စေလွှတ်အကူအညီ ပေးသွားမည် ဖြစ်သော်လည်း ငွေကြေး ထောက်ပံ့မှုများကိုမူ ပေးအပ်ဦးမည် မဟုတ်ကြောင်း သိရသည်။
စုစုပေါင်း ဒေါ်လာသန်း ရာပေါင်းများစွာနှင့် ချီနေသည်ဟု ယုံကြည်ရသည့် ကြွေးကျန်များကို မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသို့ ပေးဆပ်ရှင်းလင်းပြီးမှသာ ငွေချေးငှားရေး ပြန်လည်စတင်နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။
ထို့အပြင် အစိုးရအသုံးစရိတ်များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိ မရှိကို သုံးသပ်လေ့လာမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ လူမှုကဏ္ဍဆိုင်ရာ တာဝန်ယူမှုများ၊ လွတ်လပ်သော လူထုဆက်ဆံရေးများ မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်မည်ဟုလည်း သိရသည်။
ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အဓိက အဖွဲ့ဝင်တနိုင်ငံဖြစ်သည့် အမေရိကန်ကလည်း ပြီးခဲ့သည့်လမှ စတင်ကာ နည်းပညာ၊ အတတ်ပညာများ အကူအညီပေးရေး အတွက် ပိတ်ဆို့အရေးယူမှု ဥပဒေတချို့ကို ရုပ်သိမ်းပေးခဲ့သည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အတွက် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအား ငွေချေးငှားခြင်းကို ရပ်တန့်ခဲ့သည်။
ကမ္ဘာ့ဘဏ်က ငွေချေးငှားခြင်း ရပ်တန့်ထားသော်လည်း တခါတရံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တခြားအလှူရှင်များ၏ လုပ်ငန်းဆိုင်ရာတွင် အထောက်အပံ့ပေးခြင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နှစ်ပတ်လည် စီးပွားရေး စစ်ဆေးသုံးသပ်သည့် အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
IMF ကလည်း ပြီးခဲ့သည့်လအတွင်းက မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံခြား ငွေလဲလှယ်နှုန်းစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီများပေးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လာမည့် ဧပြီ ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ပြောဆိုခဲ့သေးသည်။