မြန်မာအစိုးရက FEC (Foreign Exchange Certificate) ငွေကြေး ဖျက်သိမ်းမည်ဟု တရားဝင် ထုတ်ဖော်ပြောဆို ထားသော်လည်း လက်ရှိတွင် FEC သည် အသုံးပြုမှုကျယ်ပြန့်နေပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာထက် ပိုမိုတန်ဖိုးမြင့်ကာ ဝယ်ယူစုဆောင်းသူ များပြားကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက FEC ဖျက်သိမ်းရန် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ အစိုးရကိုယ်တိုင်က FEC ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လက်ခံသုံးစွဲလျက် ရှိနေခြင်းကြောင့် FEC တန်ဖိုး မြင့်မားလာခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးအသိုင်းအဝန်းမှ သိရှိရသည်။
“နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်တဲ့ကိစ္စတွေမှာ FEC နဲ့ ငွေစာရင်းဖွင့်ခွင့်ပေးတာ။ အစိုးရပိုင်းကို ပေးသွင်းရမယ့် အခွန်အခတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးသွင်းရမယ့်အစား FEC နဲ့ ပေးသွင်းခွင့်ပြုတာတွေကြောင့် အခုလက်ရှိမှာ FEC ဈေးက ဒေါ်လာထက်ကို ဈေးမြင့်နေတယ်။ FEC က အမေရိကန်ဒေါ်လာထက် တောင်းဆိုမှုပိုများပြီး ဈေးကွက်ဦးဆောင်နေပါတယ်” ဟု ရန်ကုန် နိုင်ငံခြားငွေလဲဒိုင်တဦးက ရှင်းပြသည်။
လတ်တလော ပြည်ပမှ ကားတင်သွင်းသူများ အားလုံး၏ ယာဉ်မှတ်ပုံတင်အခွန် (က.ည.န အခွန်) ၁၀၀ ရာခိုင်နှုန်းကို FEC ဖြင့် ပေးဆောင်ခွင့်ပြုထားကြောင်း၊ ယင်းခွင့်ပြုမှုသည် FEC တန်ဖိုးကို အဓိက မြင့်တက်စေသော အကြောင်းရင်းဖြစ်ကြောင်း သိရသည်။
“FEC က တယူနစ်ကို ၈၂၉ ကျပ်ရှိတယ်။ အမေရိကန်ဒေါ်လာက ၈၁၇ ကျပ် ဈေးရှိတယ်။ ဒေါ်လာနဲ့ FEC ဈေးကွာတယ်။ FEC က ဒေါ်လာထက်ပိုပြီး အရောင်းအဝယ် ကောင်းနေတယ်” ဟု ရန်ကုန် နိုင်ငံခြားငွေလဲဒိုင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းအခြေအနေများကို ပြောပြသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးထားသော ပုဂ္ဂလိက နိုင်ငံခြားငွေလဲကောင်တာများတွင်မူ FEC နှင့် အမေရိကန်ဒေါ်လာတန်ဖိုးကို တန်းတူညီတူ သတ်မှတ်ထားပြီး FEC တယူနစ်နှင့် အမေရိကန်ဒေါ်လာ တဒေါ်လာအတွက် ဝယ်ဈေး ၈၁၇၊ ရောင်းဈေး ၈၃၁ သတ်မှတ်ထားသော်လည်း ကန့်သတ်ရောင်းဝယ်မှုကြောင့် အလုပ်မဖြစ်ဟု ရန်ကုန် စီးပွားရေးအသိုင်းအဝန်းက ဆိုသည်။
“FEC သို့မဟုတ် အမေရိကန်ဒေါ်လာ ရောင်းမယ်ဆိုရင် တဦးကို ၂၀၀ ပဲ ရောင်းခွင့်ပေးတယ်။ ဝယ်မယ်ဆိုရင်လည်း အထောက်အထား အပြည့်အစုံနဲ့ တင်ပြရတယ်။ ကန့်သတ်မှုများနေတော့ အလုပ်မဖြစ်ဘူး” ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ဆိုသည်။
အစိုးရက တရားဝင် နိုင်ငံခြားငွေလဲကောင်တာများ၏ အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အမေရိကန်ဒေါ်လာ တသောင်းအထိ စာရွက်စာတမ်း အထောက်အထားမလိုဘဲ ရောင်းဝယ်ခွင့်ပြုကြောင်း တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ပုဂ္ဂလိကဘဏ်အများစုက နိုင်ငံခြားငွေလဲလှယ်နှုန်းထား မတည်ငြိမ်ခြင်းကြောင့် အရှုံးပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် အစိုးရက ဒေါ်လာတသောင်းအထိ အထောက်အထားမလို ခွင့်ပြုသည့်တိုင် ပုဂ္ဂလိကဘဏ်များက ဒေါ်လာဝယ်ယူရန် မတတ်နိုင်ကြကြောင်း သိရှိရသည်။
“အခုအခြေအနေက အစိုးရဘက်က ပြင်ပဈေးကွက် ပပျောက်ဖို့၊ ငွေလဲနှုန်းတည်ငြိမ်ဖို့ လုပ်နေပေမယ့် စနစ်မကျတာတွေကြောင့် ဈေးကွက်က မတည်မငြိမ် ဖြစ်တဲ့အပြင် ပြင်ပဈေးကွက်ရဲ့ အရေးပါမှုက ပိုပြီးတော့တောင်
သိသာလာတယ်။ အပြင်ဈေးကွက်ကိုပဲ အဓိက အားကိုးနေရတဲ့ပုံဖြစ်လာတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။
နိုဗဲလ်ဆုရ စီးပွားရေးပညာရှင် ပါမောက္ခ စတစ်ဂလစ်ကမူ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ငွေလဲနှုန်း တည်ငြိမ်ရေးနှင့် လက်ဝါးကြီးအုပ်စနစ် ပပျောက်ရေး အရေးကြီးကြောင်း နေပြည်တော်တွင် ဖေဖော်ဝါရီလ
၁၁ ရက်နေ့က ကျင်းပပြုလုပ်သော စီးပွားရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တခုတွင် ထောက်ပြပြောဆိုသွားသည်။
FEC ကိုဖျက်သိမ်းချိန်တွင် လက်ဝယ်ရှိသူများ မနစ်နာစေရန် သတ်မှတ်ငွေလဲနှုန်းဖြင့် လဲလှယ်ပေးခြင်းဖြင့် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုလည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ပြောဆိုထားသည်။