ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ မြန်မာ ဒုက္ခသည်များသည် တနေ့တွင် အိမ်သို့ စိတ်ချလက်ချဖြင့် တရားဝင် ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းအဖီဆစ် ဝေ့ချာချီဝက ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာ အဖီဆစ်က “ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ တော်တော်များများက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပါတယ်။ တနေ့မှာ သူတို့အားလုံး တရားဝင် သူတို့ရဲ့ နေအိမ်ရပ်ရွာတွေဆီ ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခု၌ မြန်မာဒုက္ခသည် ၁ သိန်း ၄ သောင်းခန့် ရှိသည်။
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံပြီး အပြောင်းအလဲများ ဆက်လက် လုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာ အဖီဆစ်က ပြောသည်။
“ဒီကိုလာတာက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့၊ ဒေသတွင်းနိုင်ငံတွေအတွက် အလွန်အရေးကြီးတဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ပါ။ အနာဂတ်မှာ အိမ်နီးချင်းနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုက နေရလာတဲ့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှဝေခံစားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေလိုပဲ ကျနော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ကျေနပ်အားရပါတယ်။ ဒါက ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မစ္စတာ အဖီဆစ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ အဖီဆစ်နှင့်တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ ဒီမိုကရေစီလမ်းကြောင်း လျှောက်ခဲ့ရသည့် အတွေ့အကြုံများကို ဖလှယ်ခြင်းဖြစ်ပြီး ကောင်းမွန်သော တွေ့ဆုံမှုဖြစ်ကြောင်း ပြောသည်။
“အန်တီတို့နဲ့ ထိုင်းနဲ့ ဒီမိုကရေစီခရီးကို လျှောက်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေရှိလဲ၊ အတွေ့အကြုံတွေ ဖလှယ်တာပေါ့။ အတွေ့အကြုံတွေ ဖလှယ်တယ်ဆိုတော့လည်း ဒီဟာတွေ ပြန်စဉ်းစားလို့ရှိရင်လည်း အကြံဉာဏ်တွေ နောက်ထွက်လာမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။