ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက ကန့်သတ်မှု များပြားလာရာ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော အထူးသတင်းစာ ရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာ၌ အားကစားကွင်းများအတွင်း လုံး၀ မဲဆွယ်စည်းရုံး ဟောပြောမှုများမပြုလုပ်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုပြီးဖြစ်သော်လည်း ၁၄ ရက်နေ့တွင် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုဟူသည့် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ထိုအချိန် နေပြည်တော် ရောက်ရှိနေသော ဦးဉာဏ်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယင်းကိစ္စ ချက်ချင်း တိုင်ကြားနိုင်ခဲ့သဖြင့် နဂိုခွင့်ပြုထားသည့်အတိုင်း သုံးစွဲခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လှည်းကူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပင် အားကစားကွင်းများအတွင်း မဲဆွယ်ဟောပြောခွင့် မပေးဟူသော ညွှန်ကြားချက် ထုတ်ပြန်လိုက်သောကြောင့် အံ့အားသင့်ခဲ့ ရကြောင်း ၎င်းက ပြောသည်။
“ဖျာပုံမှာ အားကစားကွင်း အသုံးမပြုနိုင်အောင် ဝန်ကြီးဦးတင့်ဆန်းက ဟန့်တားတာက တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်ဖို့ ထိခိုက်တယ်။ NLD ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ယူဆတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကချင်ပြည်နယ် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့တွင် စီစဉ်ထားပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် ဟောပြောပွဲ ကျင်းပခွင့် တောင်းခံရာ လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့် ပိတ်ပင်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“လုံခြုံရေးစိုးရိမ်ရရင် ဘာလို့ ရွေးကောက်ပွဲကျင်းပ သလဲ။ လုံခြုံရေးရှိလို့ ရွေးကောက်ပွဲကျင်းပတာ။ ဟောပြောခွင့်ကိုတော့ လုံခြုံရေး စိုးရိမ်မှုရှိလို့ ဆိုပြီး ပိတ်ပင်တယ်။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး၊ ရှေ့နောက်မညီဘူး” ဟု သူက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က နွားထိုးကြီးရှိ ဘာသာရေးဇရပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “အဘွားကြီး” ဟု ခေါ်ဝေါ်ခဲ့သည့်အပြင် NLD ပါတီကို ထောင်ထွက်များနှင့် ဖွဲ့စည်းထားသည့် ပါတီဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့က ထောင်ထွက်ဆိုပေမယ့် ခိုး၊ ဆိုး၊ နှိုက်လို့၊ ပြစ်မှုကျူးလွန်ထားလို့ ထောင်ကျတာမဟုတ်ဘူး။ ယုံကြည်ချက် ကြောင့် ထောင်ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဘွားကြီးလို့ ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောဘူး။ ဒါကို သူလက်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတရားမျှတမှုရှိစေရန် ကြိုတင်မဲများ မှန်မှန်ကန်ကန်ဖြစ် စေရမည်ဟု ပြောဆိုထားသည့်အပေါ် လေးစားမိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်ကို လိုက်နာသွားမည် ဖြစ်သော်လည်း ကော်မရှင်၏ ခွင့်ပြုချက်များအပေါ် ဝန်ကြီးဌာနတခုက ကန့်ကွက်မှုများမှာ မဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တခုဖြစ်ရန် အရေးကြီးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက် မပေးဘဲ မဲဆွယ်စည်းရုံးမှု မလုပ်ရန် အာဏာပိုင်များက ဟန့်တားနေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်ပြီဟု ပြောဆိုထားပြီးဖြစ်သော်လည်း အောက်ခြေ အဖွဲ့အစည်းများက ကော်မရှင်၏ ခွင့်ပြုချက်အပေါ် မလိုက်နာကြဟု ၎င်းက ဆိုသည်။
“ကန့်သတ်မှုတွေ များလာတယ်။ ဝန်ကြီးဦးတင့်ဆန်းရဲ့သားကိုယ်တိုင်က ရွေးကောက်ပွဲဝင်တယ်။ နိုင်ရင် ဆုပေးမယ် ဆိုပြီးပြောတယ်။ ဒါက ဥပဒေနဲ့ငြိတယ်။ မဲဝယ်တာ။ ဆုပေးမယ်ဆိုတာ မဲဝယ်တာပဲ။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားနည်းလမ်း မကျတာတွေကို ရွေးကောက်ပွဲကော်မရှင်ကို အကုန်တိုင်ကြားတယ်။ ဒါပေမဲ့ ခုအချိန်အထိ ရှင်းရှင်းလင်းလင်း အဖြေမရဘူး” ဟု သူက ပြောသည်။
ဆက်လက်၍ ဦးဉာဏ်ဝင်းက လက်ရှိ အခြေအနေအတိုင်း ဆက်သွားမည် ဆိုလျင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည်ဟု မပြောနိုင်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
“ကျနော်တို့ တရားရေးလောကမှာ ဆိုရိုးစကားရှိတယ်။ အမှန်ကိုလုပ်နေတယ်၊ တရားမျှတအောင် လုပ်နေတယ်လို့ ပြောရုံနဲ့ မပြီးသေးဘူး။ တရားမျှတမှုနဲ့ အမှန်ကို မြင်အောင်ပြနိုင်မှ ဖြစ်မယ်။ လက်ရှိမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အန္တရာယ်တွေ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များအား ရှင်းပြသည်။
ယခု ရှင်းလင်းပြောဆိုချက်များသည် တရားမျှတမှုရှိရန် ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဦးတင့်ဆန်း၏ အမည်ကို တပ်၍ ပြောဆိုရခြင်းမှာလည်း အစိုးရအဖွဲ့ကို ဆိုလိုခြင်းမဟုတ်သည်ကို နားလည်စေလိုကြောင်း၊ မိမိအနေနှင့် အစိုးရအဖွဲ့ဟု ပြောဆို သုံးနှုန်းခြင်းမရှိသည်ကို သတိထားစေလိုကြောင်း ဦးဉာဏ်ဝင်းက သတင်းထောက်များ ကိုရှင်းပြသည်။
နိုင်ငံ့ဘဏ္ဍာနှင့် နိုင်ငံပိုင် ပစ္စည်းများသုံးစွဲသော နိုင်ငံရေးပါတီများကိုလည်း သက်ဆိုင်ရာက ပြဋ္ဌာန်းထားသော နိုင်ငံရေး ပါတီများ ဥပဒေ၊ နည်းဥပဒေများအရ အရေးယူရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပါတီတခုက လမ်းခင်း ပေးမည်၊ မီးသွယ်ပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
ယခု အခြေအနေအတိုင်း ဆက်လက်ဖြစ်ပျက်နေပါက NLD အနေဖြင့် မည်သို့ ဆုံးဖြတ်မည်ကို လက်ရှိတွင် မပြောနိုင် သေးကြောင်း၊ နိုင်ငံရေးပါတီတရပ် အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း
သူက ပြောသည်။
ယနေ့ NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးအား NLD ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် လက်ခံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါက်တာမြတ်ဉာဏစိုးကမူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ လုပ်ဆောင်မှုများကို ကြိုဆို ထောက်ခံသဖြင့် ပါတီကူးပြောင်းရခြင်းဖြစ်ကြောင်း၊ ၎င်းအပေါ် “သာကူး၊ မှန်ပြောင်း” အစရှိသည်ဖြင့် ပြောဆို သုံးနှုန်းမှုများအား တုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းအတွင်း မြို့နယ်များသို့ နေ့ချင်းပြန် စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်၊ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့၊ ၎င်းနောက် မန္တလေးခရီးစဉ် သွားရောက်ရန် အကြမ်းဖျဉ်း အစီအစဉ်ဆွဲထားကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။