ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရသည် အာဏာပိုင်များက အာဏာစက်ဖြင့် ဆောင်ရွက် မည်ဟု ပြောဆိုလိုက်ပြီးနောက် အရေးယူရန်ရှာဖွေမှုများ ပြုလုပ်နေ၍ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့က အစိုးရ သတင်းစာများတွင် အရှင် ဂမ္ဘီရကို ရဟန်းနှင့်မအပ်စပ်သော နိုင်ငံရေးမှိုင်းမိ၍ ထင်ရာ စိုင်းနေဟု ရေးသားထားပြီး ၎င်းကို ဥပဒေများနှင့်အညီ “ထိထိရောက်ရောက်” အရေးယူမည်ဟု ဖော်ပြထားသည်။
“အာဏာပိုင်တွေက သူ့ကို လိုက်ရှာတယ်။ ည ၁၂ နာရီလောက်ကြီး သူ့ကိုလာစောင့်တယ်။ SB (ရဲ အထူးသတင်းတပ်ဖွဲ့)တွေ ရောပါတယ်။ မဂ္ဂင်ကျောင်းတိုက်ကိုလည်း လာမေးတယ်”ဟု မဂ္ဂင်ကျောင်းတိုက်နှင့် နီးစပ်သည့် သံဃာတပါးက ဧရာဝတီ ကို မိန့်သည်။
အရှင် ဂမ္ဘီရသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက မဂ္ဂင်ကျောင်းတွင် သတင်းမသုံးတော့ကြောင်း၊ သတင်းစာတွင် ဖော်ပြပါရှိသည့်အတွက် ဖမ်းဆီးထားသည်ဟုလည်း ယူဆနိုင်ကြောင်း ထို သံဃာက ဆက်လက် မိန့်ဆိုသည်။
အရှင် ဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့် သံဃာ အဖွဲ့အစည်းများကိုလည်း ထိပါး စော်ကားမှုများ ကျူးလွန်ကြောင်း သတင်းစာ၌ ရေးသားထားသည်။
အရှင် ဂမ္ဘီရကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိပေ။
အရှင် ဂမ္ဘီရ၏ အစ်ကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နှင့် အဆက်အသွယ်ရခဲ့ရာ မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း၊ ယမန်နေ့ ညနေပိုင်း အထိ တယ်လီဖုန်း ဆက်သွယ်မှုရပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ကြောင်း သိရသည်။
“သူက တပတ်လောက် ခရီးထွက်မယ် ပြောတယ်။ အိမ်ကို ပြန်မလာတော့ဘူးတဲ့။ ဦးပဉ္ဇင်း အဖမ်းခံနေရပြီလား၊ တပည့်တော် ကို ရှင်းရှင်းပြောပါဆိုတော့၊ မဟုတ်ပါဘူးတဲ့၊ အေးအေးဆေးဆေး ပါတဲ့၊ အဖမ်းခံနေရသလား၊ တကယ်ခရီး ထွက်သွားလား ကျနော်လည်း မသေချာဘူးဗျ၊ ကျနော်ကိုယ်တိုင် အဖမ်းခံရတုန်းကလည်း ဒါမျိုးကြံုံဖူးတယ်”ဟု ကိုအောင်ကျော်ကျော်က ပြော ဆိုသည်။
သတင်းစာပါ အရေးယူမည်ဆိုသည့်သတင်းကို အရှင် ဂမ္ဘီရက နောက်ပိုင်းသိရှိခဲ့ကြောင်း၊ သို့သော် သူ့အနေနှင့်အပြစ်မရှိဟု ပြော ကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အရှင် ဂမ္ဘီရသည် ဧရာဝတီတိုင်း မြောင်းမြ ထောင် မှ ပြန်လွတ်လာပြီးနောက် မဂ္ဂင်ကျောင်းတိုက် အပါအဝင်၂၀၀၇ နောက်ပိုင်း ချိပ်ပိတ်ခံထားရသော ဘုန်းတော်ကြီး ကျောင်း တချို့ကို သော့ဖွင့်၍ ဝင်ရောက်သတင်းသုံး နေထိုင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က ခွင့်ပြုချက်မယူဘဲ စည်းကမ်း မလိုက်နာသူအဖြစ် ဆုံးမ သြဝါဒ ပေးရန် ဆင့်ခေါ်ခဲ့ရာ ၃ ကြိမ်တိုင် ပျက်ကွက် ခဲ့သည်ဟု သိရသည်။
အရှင် ဂမ္ဘီရသည်၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုပြီးနောက် ယခင်စစ်အစိုးရ၏ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၃ နှစ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
အရှင် ဂမ္ဘီရကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အာဏာပိုင်များကခေါ်ယူစစ်မေးခဲ့ပြီး နေ့လယ်ပိုင်းတွင် မဟန ဆရာတော်ကြီးများထံ သြ ဝါဒ ခံယူရကြောင်း၊ ဝိနည်းနှင့်အညီ နေထိုင်ရန်နှင့် ရဟန်း ပြန်လည်ဝတ်ခွင့် ပြန်လျှောက်ထားရမည်ဟူသည့် လက်မှတ် ၂ ခု ထိုးခိုင်းကြောင်း သိရသည်။
ကိုအောင်ကျော်ကျော်က “ဦးပဉ္ဇင်းက ကျနော့်ကို ပြောတာက ရဟန်းဟာ ဝိနည်းနဲ့ နေရမယ်ဆိုတာက ယုတ်တိယုတ်တာ ကျပါ တယ်တဲ့။ အဲဒါကြောင့် သူလက်မှတ် ထိုးခဲ့ပါတယ်တဲ့”ဟု ဆိုသည်။
သို့သော် ရဟန်းပြန်ဝတ်ခွင့်လျှောက်ရမည်ဆိုသည့်အချက်ကို အရှင် ဂမ္ဘီရက လက်မှတ်မထိုးခဲ့ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထောင်မကျခင်၊ ထောင်တွင်း ကာလ၊ ထောင်က ပြန်လွတ်လာသော်လည်း ရဟန်း ဖြစ်လိုသည့် စိတ်ကို မစွန့်လွှတ်သမျှ ကာ လ မည်သည့် အဝတ်ဝတ်ထားလင့်ကစား ဘုရား ဝိနည်းတော်နှင့်အညီ ရဟန်းသာဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း သိရသည်။
အရှင် ဂမ္ဘီရ၏ ညီငယ် ကိုလွင်မောင်မောင်ကလည်း“ရဟန်းဝတ်ခွင့်ပြုဖို့ လက်မှတ်တော့ မထိုးနိုင်ဘူးလို့ ပြောလိုက်တော့ မဟန ဆရာတော်ကြီးတွေ ကလည်း လက်ခံတယ်”ဟု ပြောဆိုသည်။
ထို့နေ့က မဟန ဆရာတော်ကြီးများထံ ရောက်ချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်း စုအဖွဲ့၏ ဦးဆောင် သံဃာတော် အဖြစ် အရှင် ဂမ္ဘီရက အချက် ၁၀ ချက်ပါသည့် စာဖြင့် လက်မှတ်ထိုး၍ လျှောက်ထား တင်ပြခဲ့ကြောင်းလည်း သိရသည်။
ယင်းစာ၌ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ပေးပို့သော အကြောင်းကြား စာပါ “ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော”ဟူသည့် စကားရပ်ကို အလေးအနက် ကန့်ကွက်ကြောင်း၊ ထို့အပြင် ဓမ္မဝိနယနှင့် မညီသော မဟန ၏ ဆုံးဖြတ်ချက်များကိုလည်း ကန့်ကွက်ကြောင်း ပါရှိသည်။
အရှင် ဂမ္ဘီရ၏ မဟန သို့ လျှေက်ထားချက် အပိုဒ် ၉ တွင်လည်း မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်း သား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်းတော် ၄၃ ပါးအား လွတ်မြောက်ရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့မှ ဆောင်ရွက် ပေးမှု မရှိခြင်းကို အလေးအနက် ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထိုသို့ သံဃ မဟာနာယက အဖွဲ့ကို“ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း”ဟူသည့် ထိပါးစော်ကားမှုများအား လျစ်လှူရှုပါက ပိုမို အတင့်ရဲလာစေနိုင်သည့် အလားအလာ ရှိသည်ဟု သတင်းစာတွင် ရေးထားသည်။
မဟန အနေဖြင့် ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရန် ဆန္ဒရှိသောကြောင့် အရှင် ဂမ္ဘီရကို ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်တော့မည်ဟုလည်း သတင်းစာက ဆိုသည်။