မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းစေရေးအတွက် အရပ်သားများပါဝင်သည့် လူမှုအဖွဲ့အစည်းများ အားကောင်းရန် အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။
“ကျနော်တို့ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားသန်တဲ့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်ဖို့ပါပဲ။ ဒီအဖွဲ့အစည်းတွေ အားကောင်းမှလည်း ဒီမိုကရေစီ အားကောင်းမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ ဦးအောင်မြတ်ကျော် ခန်းမ၌ ယနေ့ ကျင်းပသော “ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ” တွင် ကိုမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းအခမ်းအနားကို ဟင်္သာတ မြို့ခံ လူငယ်များက ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုက တိုင်းပြည် အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်လာလျှင် ပြည်သူကို အာဏာပိုင်များက မကြောက်လန့်သင့်ကြောင်း၊ ပြည်သူလူထု ထွက်လာ၍ ပူးပေါင်းဆောင်ရွက်လာတိုင်း ဆန့်ကျင်မည်ဟု အာဏာပိုင် များ ဘက်မှ တွေးမထားသင့်ကြောင်း ကိုမင်းကိုနိုင်က ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းတွင် အရပ်သားများ၏ ညီညွတ်မှုကြောင့် အောင်ပွဲရခဲ့သည့် ဥပမာကို ပေး၍ ပြောခဲ့သည်ဟု သိရသည်။
ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲ အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က အရပ်ဘက် လူ့အဖွဲ့အစည်းများ အရေးကြီးပုံကို ဟောပြောခဲ့ကြောင်း ပွဲစီစဉ်သူ တဦးဖြစ်သည့် ကဗျာဆရာ မြတ်ခိုင်ဦးက ပြောသည်။
ကိုကိုကြီးကလည်း အထက်မှ အောက်သို့ အမိန့်ပေးစေခိုင်းခြင်းမှာ မြန်မာလူထုအတွင်း ခေါက်ရိုးကျိုးနေပြီ ဖြစ်သောကြောင့် ထိုအကျင့်များကို ပြင်ကာ အောက်ခြေမှ အထက်သို့ တင်ပြသည့် ပုံစံမျိုးဖြစ်ရန် လိုအပ်ကြောင်း အင်တာဗျူးတခုတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုသည်ကို အလေးအနက် တန်ဘိုးထား အသိအမှတ်ပြုသည်ဟု ဆိုသည်။
“အဲဒီလို အထက်နဲ့အောက် ကွာဟနေတဲ့ကြားမှာ အထက်ကို လက်လှမ်းမမီတဲ့ အောက်ခြေ ပြည်သူတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ကြားထဲမှာ ၈၈ ကျောင်းသား ခေါင်းဆောင်တွေက တံတားခင်းသွားမယ် ဆိုတဲ့အကြောင်း၊ ဒီလစ်ဟာနေတဲ့ ကွက်လပ်ကို ၈၈ အနေနဲ့ ဖြည့်ဆည်းသွားဖို့ ရည်ရွယ်တယ်ဆိုတဲ့အကြောင်း အခမ်းအနားမှာ ပြောဖြစ်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် အနာဂတ်တွင် ကိုယ်စီကိုယ်ငှ တာဝန်ကိုယ်စီခွဲဝေပြီး သွားကြမည်ဖြစ်ကြောင်း၊ ယခင် နှစ်ပေါင်း ၅၀ ဝန်းကျင် အမှောင်ခေတ်၊ အပိတ်ခေတ်မှသည် ယခုအခါ ပွင့်လင်းသည့်ခေတ်ကို သွားရာတွင် အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တို့ကို နယ်ပယ် အသီးသီးတွင် နိုင်ငံသားတဦးချင်းစီက လေ့ကျင့်သွားကြရန် လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရှင်းပြသည်။
ယနေ့ ဟင်္သာတမြို့မှ ယင်းအခမ်းအနားကို နေ့လယ် ၁ နာရီမှ ၃ နာရီအထိ လူပေါင်း သောင်းချီတက်ရောက်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ခြင်း၊ မြို့ခံတဦးက နှုတ်ခွန်းဆက် ကျေးဇူးတင် စကားပြောခြင်း၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် မအေးသီတာတို့က အသီးသီး ဆွေးနွေး တင်ပြခြင်း စသည်ဖြင့် အခမ်းအနားကို ကျင်းပခဲ့သည်ဟု ကဗျာဆရာ မြတ်ခိုင်ဦးက ပြောသည်။
ယမန်နေ့ညက ၈၈ မျိုးဆက် ကျောင်းသားများကို ဆန့်ကျင် အပုပ်ချသည့် အမည်မသိသူ၏ စာရွက်စာတမ်းများ ဟင်္သာတ မြို့တွင် ဖြန့်ဝေသွားခဲ့ကြောင်း၊ သို့သော် အခမ်းအနားတွင် မည်သည့် အာဏာပိုင်များကမှ နှောက်ယှက်ဟန့် တားမှု မရှိခဲ့ကြောင်း သိရသည်။
“လူထုကလည်း သူတို့ ခေါင်းဆောင်တွေကို ကြိုဆိုတယ်။ အာဏာပိုင်တွေက ကျနော်တို့ကိုတောင် ကူညီပါတယ်” ဟု ကဗျာဆရာ မြတ်ခိုင်ဦးက ဧရာဝတီကို ပြောသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် နှစ်ပေါင်းများစွာ ပိတ်ဆို့နေသည့် လူ့အဖွဲ့အစည်းတွင် နေလာခဲ့ရသည့်အတွက် ယခု ပွင့်လင်းလာသည့် လူ့ အဖွဲ့အစည်းနှင့် မိတ်ဆက်စေလိုသည့် ဆန္ဒတို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ဖိတ်ကြားကာ ယခုအခမ်းအနား ကျင်းပခြင်း ဖြစ်သည်ဟု သူက ဆိုသည်။