ရန်ကုန် ဆူးလေ ဆိပ်ကမ်းတွင် မကြာခင်က လိုင်စင်မဲ့ကား ၆ စီးကို ဖမ်းဆီးရမိခဲ့ရာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်နေသည့် တရားမဝင် ကားတင်သွင်းမှုများ၌ အစိုးရဝန်ထမ်းများပါဝင်ပတ်သက် နေကြောင်း သတင်းရရှိသည်။
အေးရှားဝေါလ် ဆိပ်ကမ်းမှတဆင့် ဆူးလေဆိပ်ကမ်းရှိ ကုန်သေတ္တာ စခန်းသို့ ပြောင်းရွှေ့လာသော ကွန်တိန်နာများကို ဖေဖော်ဝါရီ ၈ ရက်ဝန်းကျင်က ဖွင့်ဖောက် စစ်ဆေးရာမှ လိုင်စင်မဲ့ကား ၆ စီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကွန်တိန်နာတွေက အေးရှားဝေါလ် ဆိပ်ကမ်းမှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေခဲ့တာ။ လိုင်စင်မဲ့ ကားတွေ ပါနေလို့ အစစ်ဆေးမခံရဘဲ ဆူးလေဆိပ်ကမ်းဘက်ကို ပြောင်းရွှေ့ပြီး ထုတ်ဖို့ကြိုးစားရင်း မိတာလို့ ကြားတယ်။ အဓိက ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်တွေ၊ ဆိပ်ကမ်း အာဏာပိုင်တွေ အချင်းချင်းကြားမှာ စားပေါက် လုကြရာကနေ ဒီလို ဖမ်းတာဆီးတာတွေ ဖြစ်ကုန်တာလို့လည်း သိရတယ်” ဟု ရန်ကုန် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှုအသင်းမှ အေးဂျင့်တဦးက ပြောသည်။
မကြာခဏဆိုသလို တရားမဝင်ကား တင်သွင်းမှုများတွင် အကောက်ခွန် ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဝန်ထမ်းများ ပါဝင်နေမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း တဦးတယောက်ကိုမျှ အရေးယူခြင်းမရှိသေးကြောင်း၊ ထိုသို့ အရေးယူခြင်း မရှိသည့်အချိန်တွင် ဆိပ်ကမ်းများမှ တရားမဝင် ကားတင်သွင်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ အကောက်ခွန်ဝန်ထမ်း အများစုမှာ အတင့်ရဲစွာဖြင့် လာဘ်ပေးလာဘ်ယူ မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ၎င်းက ဆိုသည်။
“တကယ်တမ်း အရေးယူမှုမရှိတော့ မကြောက်ကြဘူး။ ပြုတ်ရင်ပြုတ်၊ ထောင်ကျရင်လည်းကျ မထူးဘူးဆိုပြီး ငွေကို အတင်း စွတ်ရှာတဲ့သူတွေလည်း မနည်းဘူး။ အဲဒီလိုဝန်ထမ်းတွေက တကယ်လို့ ရာထူးပြုတ်သွားရင်တောင် အပြင်မှာ ချမ်းချမ်း သာသာနဲ့ မပူမပင် နေနိုင်ပြီ။ ဒါကြောင့် ဒီလူတွေက အကြောက်အလန့်မရှိ ရတုန်း စွတ်ငွေရှာနေကြတာ” ဟု အကောက်ခွန် ဦးစီးဌာနအရာရှိများနှင့် နီးစပ်သူ တဦးက ဆိုသည်။
အရေးယူမှု မရှိသည့်အပြင် လာဘ်စားရာတွင် နာမည်ကြီးသော အကောက်ခွန် အရာရှိများမှာလည်း ဌာနကောင်း၊ နေရာကောင်းများသို့ ပြောင်းရွှေ့ခွင့်ရရှိထားကြောင်း သိရသည်။
“အဓိက ဝန်ကြီးရဲ့လူတွေက ဒီဌာန (အကောက်ခွန်ဦးစီးဌာန) ကို ကြီးစိုးနေတယ်။ ညွှန်ချုပ်ကစလို့ လက်အောက် ညွှန်မှူးတွေအထိ ဝန်ကြီးလူတွေချည်းပဲ။ အဲဒီလူတွေက အင်မတန်မှ ဂွင်တည့်တဲ့ နေရာဌာနတွေကို ရကြတယ်။ တကယ်တမ်း အရေးယူရမယ် ဆိုရင်တော့ ဝန်ကြီးလည်း လွတ်မယ်မထင်ဘူး” ဟု အမည်မဖော်လိုသော နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောသည်။
၂၀၀၆ ခုနှစ်က အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်အပါအဝင် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မသမာမှုများနှင့် ဖမ်းဆီးအရေးယူ ထောင်ချခဲ့သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး ထင်သာမြင်သာ ရှိသော အရေးယူမှု တစုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးဘဲ အကျင့်ပျက်ခြစားမှုများမှာ အစိုးရဝန်ထမ်းများ အကြားတွင် ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သိရှိရသည်။