ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား ကချင်ပြည်နယ် အတွင်း မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်ထားမှုကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ပြန်လည် ရုပ်သိမ်း ပေးလိုက်သည်။
လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဗန်းမော် သို့ စည်းရုံး ရေးသွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသအာဏာပိုင်များက ပိတ်ပင်ထားခြင်းကို ပြည်နယ်ရွေး
ကောက်ပွဲကော်မရှင်က ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပြသည်။
“ဒီလိုပြန်ဖွင့်ပေးတာ အစိုးရအတွက်ရော၊ ကော်မရှင်၊ နိုင်ငံရေးပါတီ အားလုံးအတွက် အလင်းရောင်ပါပဲ”ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီး ဟောပြောမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ်သည် ပထမဆုံးပိတ်ပင်သည့် ပြည်နယ် ဖြစ်ပြီး တခြားသော ပြည်နယ်နှင့်တိုင်းများတွင် ထိုသို့ပိတ်ပင်မှုများ မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
ပြည်နယ်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင်များက ခွင့်ပြုခဲ့သော်လည်း အားကစားဝန်ကြီး ဦးတင့်ဆန်းကမူ အစိုးရ အားကစားကွင်း များတွင် ပြုလုပ်ခွင့်မပေးနိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ကလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ သွားရောက်ပြီး စည်းရုံးဟောပြောရန်အတွက် ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေအားကစားကွင်းကို ငှားရမ်းခဲ့သော်လည်း တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်ပြု
ခြင်း မရှိပေ။
အလားတူ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်တွင်လည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုရန် အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့သော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့သည်။
ထိုကိစ္စများနှင့် ပတ်သက်ပြီး NLD က ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ် စည်းရုံးမှုများကို အာဏာပိုင် များက ကန့်သတ်မှု များပြားလာကြောင်း၊ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဝေဖန်ခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲအပြီး သုံးနာရီခန့်အကြာတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ကချင် ပြည်နယ် NLD ကို ခေါ်ယူ ပြောဆိုခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် NLD ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ငွေကြိုင်က ပြောသည်။
“လမ်းခရီးလုံခြုံရေးပေးဖို့ပါ၊ အနှောင့်အယှက် ပေးဖို့မဟုတ်ဘူး၊ အားလုံး ခွင့်ပြုလိုက်ပါပြီ၊ NLD ပါတီ ဆိုတာ တရားဝင်ပါတီဖြစ် တယ်၊ အကူအညီပေးရမှာက ကော်မရှင်တာဝန်ပါလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
ပြည်နယ်ကော်မရှင်က မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဗန်းမော်မြို့များတွင် ဒေါ်အောင်ဆန်းစုကြည်အား မဲဆွယ် စည်းရုံးရေး ဟောပြောခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဒေါ်ငွေကြိုင်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၃ ရက် တွင် လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး နမ္မတီးမြို့သို့ ဦးဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် မိုးကောင်းမြို့တွင် စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ၂၄ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။
မြစ်ကြီးနားမြို့တွင်လည်း NLDကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ရပ်ကွက်အလိုက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နမ္မတီးမြို့အားကစားကွင်းတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု နမ္မတီးမြို့NLD လူငယ်တာဝန်ခံ ကိုဝင်းဗိုလ် က ပြောသည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် ဦးဒါရှီလဆိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် မနက်ဖြန်တွင် မြစ်ကြီးနားမြို့သို့ ဖားကန့် ပြည်သူ အများအပြားသွားရောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။