၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း စာအုပ်ကို ပုံနှိပ်ထုတ်ဝေခွင့် လျှောက်ထားပြီး ပထမ အကြိမ်အဖြစ် အုပ်ရေ ၅၀၀၀ ကိုယနေ့ စတင်ဖြန့်ချိ လိုက်ကြောင်း သတင်းရရှိသည်။
စာအုပ်တအုပ်လျှင် ၁ ထောင်ကျပ်နှုန်းဖြင့် ကိုမင်းကိုနိုင်အပါအဝင် ၈၈ ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချမှုကို ယနေ့ နေ့လယ် ၁ နာရီမှ စတင်ကာ ရန်ကုန်မြို့ ရန်ကင်းစင်တာ ပထမထပ်တွင် ပြုလုပ်နေကြောင်း၊ စိတ်ဝင်စားဝယ်ယူသူ များပြားကြောင်း သိရသည်။
“လက်မှတ်ထိုး ရောင်ပေးနေတာ လောလောဆယ် တဝက်ကျော် ကုန်နေပြီ” ဟု ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက ဧရာဝတီကို ပြောသည်။
အဆိုပါ မှတ်တမ်းစာအုပ်ကို လာရောက်ဝယ်ယူသူ ပရိတ်သတ် တဦးက ၈၈ မျိုးဆက် ကျောင်းသားများသည် နိုင်ငံ့အကျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသူများ ဖြစ်ကြောင်း၊ တိုင်းပြည်ထူထောင်ရေးအတွက် အနာဂတ်တွင် ငြိမ်းချမ်းစွာ လုပ်ဆောင်မည့် လမ်းစဉ်များ ပါဝင်သဖြင့် လာရောက် ဝယ်ယူ အားပေးခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
“ဒီစာအုပ်က တိုင်းပြည်အတွက် အထောက်အကူ အတော်ပြုမယ့် စာအုပ်ပါ။ ကျနော်တို့က သူတို့တတွေရဲ့ သဘောထားတွေကို သမိုင်းအဖြစ်လည်း သိမ်းဆည်းထားချင်လို့ပါ” ဟု ၎င်းက ဆိုသည်။
ယင်း စာအုပ်ဖြန့်ချိနိုင်ရန် စာပေစိစစ်ရေးသို့ တင်ခဲ့ကြောင်း၊ ထုတ်ဝေခွင့်ကျပြီး တရားဝင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ စာပေစစစ်ရေးက ဖြတ်တောက်မှုအနည်းငယ်သာ ရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲ၏ အဓိက အချက်များကို မထိခိုက်ကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ အကျိုးအတွက် သတင်းစာရှင်းလင်းပွဲပါ ပြောဆိုချက်များ အတိုင်း ငြိမ်းချမ်းရေး၊ ဒီမို ကရေစီ အရေးတို့ကို ရှေ့ရှု လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးက ရှင်းပြသည်။
“လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ဘူးဗျ။ ဒါကိုတော့ သေသေချာချာ နားလည်ကြဖို့ လိုမယ်” ဟု သူက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များသည် ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် ဝန်းရံသွားမည် ဖြစ်ကြောင်းပါဝင်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲပါ မေးမြန်း ဖြေကြားချက်များကို ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် တချို့ သည်ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် မကွေး တိုင်း ၊ သရက်ခရိုင် သရက်မြို့တွင် ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲသို့ သွားရောက်ဟောပြောနေသည့် အတွက် ယနေ့ စာအုပ်ရောင်းချပွဲကို တက်ရောက်လက်မှတ်ထိုးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။