ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြနေသည့် အလုပ်သမား ၁၂၀၀ ကျော်တို့၏ ကိုယ်စားလှယ်များက အလုပ်ရှင်နှင့် ယနေ့နံနက်တွင် ဆွေးနွေးခဲ့သော်လည်း ကျေနပ်မှု မရှိသေးသည့်အတွက် အလုပ်သမား ပြဿနာဖြေရှင်းရေး ခုံရုံးသို့ သွားရောက်တိုင်တန်းမည်ဟု သတင်းရရှိသည်။
“မနက်က အလုပ်သမား ၂၀ လောက် စက်ရုံထဲ ဝင်ဆွေးနွေးတယ်။ သူတို့ဘက်က ရက်မှန်ကြေး ၁ ထောင် ထပ်တိုးပေးပေမယ့် အများစုက မကျေနပ်ကြပါဘူး။ ဒါကြောင့် မကြာခင် အချိန်အတွင်း ဝါဏိဇ္ဇ ပဋိပက္ခခုံရုံးကို သွားတော့မှာပါ” ဟု တိုင်ရီစက်ရုံ အလုပ်သမတဦးဖြစ်သူ မမိုးဝေက ဧရာဝတီသို့ ပြောသည်။
ဝါဏိဇ္ဇ ပဋိပက္ခ အလုပ်သမားပြဿနာ ဖြေရှင်းရေးရုံး (မရမ်းကုန်းမြို့နယ်) ခုံရုံးသို့ ဆန္ဒပြ အလုပ်သမား ၁၈၀၀ အနက် ၁၂၀၀ ကျော်တို့က စုပေါင်းလက်မှတ်ရေးထိုးပြီး ယနေ့နေ့လယ်တွင် တိုင်ကြားစာကို တင်ပြသွားမည်ဟု ၎င်းက ဆက်ပြောသည်။
အလုပ်ရှင်ဘက်မှ ဖြေရှင်းပေးရန် အလုပ်သမားများ တင်ပြတောင်းဆိုထားသော နစ်နာချက် စုစုပေါင်း အချက် ၁၇ ချက်ရှိသည်။
အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုထားရာ အလုပ်ရှင်ဘက်က ၁၀၀ ကျပ် သတ်မှတ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ပြောဆိုခဲ့သည်ဟု သိရသည်။
သို့သော် ရက်မှန်ကြေးကို ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ တိုးပေးရန် တောင်းဆိုရာတွင့် ယနေ့ ဆွေးနွေးပွဲ၌ အလုပ်ရှင်ဘက်က ရက်မှန်ကြေး ၇၀၀၀ ကျပ် သတ်မှတ်မည်ဟုဆိုကြောင်း သိရှိရသည်။
တိုင်ကြားစာကို လက်ခံမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခအဖွဲ့၏ အကြောင်းပြန်စာကို အလုပ်သမား ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ အကူအညီပေးသူ ရှေ့နေ ကိုဖိုးဖြူတို့က ပြီးခဲ့သည့် စနေနေ့က လက်ခံရရှိကြောင်း မမိုးဝေက ပြောသည်။
တိုင်ရီ စက်ရုံအလုပ်သမများ နေထိုင်ရာ အဆောင်များ၌ အလုပ်ရှင်၏ မန်နေဂျာများက ခြိမ်းခြောက်မှုရှိနေကြောင်း၊ အလုပ်မဆင်းပါက အဆောင်မှ ဖယ်ရှားမည်၊ အလုပ်မှ ရာသက်ပန် ထုတ်မည်ဟုပြောကြောင်း အလုပ်သမများက ဆိုသည်။
“အလုပ်ရုံထဲက မန်နေဂျာတို့၊ ခေါင်းဆောင်တို့က တချို့အလုပ်သမားတွေကို လာပြီးစည်းရုံးတယ်။ မင်းတို့ အချိန်ကုန်မယ်၊ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ပါ။ မဟုတ်ရင် အလုပ်ပါ ပြုတ်မယ်ဆိုပြီး လာပြောတယ်လေ” ဟု တိုင်ရီ အလုပ်သမတဦးက ဧရာဝတီကို ပြောသည်။
အလုပ်ရှင်၏ ခြိမ်းခြောက်မှုများ၊ အလုပ်သမား ရပိုင်ခွင့်များကို မျက်ကွယ်ပြုနေမှု စသည်တို့အတွက် ယခုကဲ့သို့ အလုပ်သမား ပြဿနာဖြေရှင်းရေး ဝါဏိဇ္ဇခုံရုံးသို့ ဥပဒေကြောင်းအရသာ မျှော်လင့်ချက်ရှိတော့ကြောင်း မမိုးဝေက ဆိုသည်။
အလုပ်သမားများက ၎င်းတို့ တောင်းဆိုထားသည့် လိုလားချက်များ မရသေးသည့်အတွက် ယနေ့ နံနက်က ၁၇ ရက် မြောက်နေ့အဖြစ် စက်ရုံအနီးတွင် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြကြသည်။
ဆန္ဒပြမှု ၆ ရက်မြောက်နေ့က အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက်ခဲ့သော်လည်း မပြေလည်ခဲ့ကြောင်း၊ အလုပ်ရှင်ဘက်က ပြေလည်အောင် မဖြေရှင်းသေးသည်မှာ ရက်ကြာသည်နှင့်အမျှ အလုပ်သမားများ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း သိရသည်။
ဆန္ဒပြသူ အလုပ်သမားများအတွက် စေတနာရှင်တဦး၏ အလှူငွေ ကျပ် ၄ သိန်း လက်ခံရရှိထားကြောင်းနှင့် စားသောက်စရာ၊ ရေ စသည်တို့ကိုလည်း စေတနာရှင်များက လာရောက်လှူဒါန်းနေကြောင်း သိရသည်။
“ကျမတို့ကတော့ ကျမတို့ရဲ့ နစ်နာချက်၊ မျှော်လင့်ချက်တွေ၊ ပန်းတိုင်အထိ မရောက်မချင်း အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ကျမတို့ကို အခုလာပြီး အကူအညီပေးကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့တကွ မိဘပြည်သူတွေရဲ့ စာနာကူညီပေးမူများကို အလွန်ကျေးဇူးတင်ပါတယ်ရှင်” ဟု မမိုးဝေက ပြောသည်။
ဆက်စပ်သည့် သတင်းများ