မြန်မာအစိုးရ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှုများ ပေးခြင်းအားဖြင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အာဆီယံဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၄ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“အာမခံချက် အပြည့်အဝရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေလိုတယ်။ မဲဆွယ်စည်းရုံးရေး ကာလတွေမှာလည်း ပါတီအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရမယ်။ နိုင်ငံတကာက လိုလားနေတဲ့ အာမခံချက်တွေကို မြန်မာအစိုးရ လုပ်ဆောင်ပြရမယ်” ဟု ၎င်းက ဆိုသည်။
မြန်မာအစိုးရ၏ ထိုသို့လုပ်ဆောင်ပြရေးတွင် လိုအပ်သော အကူအညီများကို အာဆီယံက ကူညီပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က နေပြည်တော်တွင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ကလည်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်းဆောင်ရွက်နိုင်ဖွယ် ကိစ္စရပ်များနှင့် လူထုအားလုံး အကျိုးသက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အာဆီယံ အဖွဲ့ချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက် လေ့လာ စောင့်ကြည့်နိုင်ရေး အလေးအနက်ထား စဉ်းစားမည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့သော် လာရောက်ခွင့် ပေးမည့် အချိန်ကာလ အတိအကျကို မသိရသေးကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က သတင်းထောက်များကို ပြောသည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်အား MYANMAR-ASEAN CHAIR 2014 စာတမ်းပါ တီရှပ်ကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သေးသည်။s