တေးရေး အဆိုတော် ဆောင်းဦးလှိုင်၏ “နှလုံးသားတွေ လှူမယ့်ည” အမည်ရှိ တကိုယ်တော် ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ငွေများကို နာရေးကူညီမှု အသင်း (ရန်ကုန်) အပါအဝင်လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လှူဒါန်း လိုက်ကြောင်း သိရသည်။
ဖျော်ပြေပွဲမှ ရရှိသော ငွေ စုစုပေါင်း ကျပ် ၁၂၆ သိန်းဖြစ်ပြီး အဆိုပါငွေများအား လှူဒါန်းပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးတွင် ယနေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။
“ကျနော် ကတိပေးထားတဲ့ အတိုင်း အားလုံးကို ၃ ပုံ ပုံတယ်၊ တပုံကို ၄၂ သိန်းရတယ်။ ၄၂ သိန်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုလှူပါမယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေ လူမှုရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ တပုံလှူပါမယ်” ဟု အဆိုတော် ဆောင်းဦးလှိုင်က ဧရာဝတီကို ပြောသည်။
ကျန်သည် ၄၂ သိန်းကို ၎င်း၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သော MRTV4 အား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြန်လည် လှူဒါန်းသော်လည်း မလိုအပ်ကြောင်း ပြောဆိုလာသည့်အတွက် အဆိုပါငွေကို နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေအဖြစ် ချန်ထားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသက် ၄၁ အရွယ် ကိုဆောင်းဦးလှိုင်၏ ပုံတူ ပန်းချီကား တချပ်ကို ပြန်လည် လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
“တဦးမေတ္တာ တဦးစေတနာပါပဲဗျာ” ဟု ကိုဆောင်းဦးလှိုင်က ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်ညက ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကိုဆောင်းဦးလှိုင်၏ တကိုယ်တော် ဖျော်ဖြေပွဲကို ဥက္ကာဦးသာ ဦးစီးသည့် Plus Three Band ကတီးခတ်ပေးခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူနှင့် ဇနီး မမြင့်မြင့်ခင်ဖေ (မရွှေဇီးကွက်)၊ မကြာခင်က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သော ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်နှင့် အနုပညာရှင်များ တက်ရောက် အားပေးခဲ့ကြသည်။
ဖျော်ဖြေပွဲ မကျင်းပမီ ညနေပိုင်းက ဖိတ်ကြားထားသည့် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက်လာလျှင် ပွဲလုပ်ခွင့်မပြုဟု သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လာရောက် ပြောကြားသည့်အတွက် အနည်းငယ် အခက်အခဲ တွေ့ခဲ့ရကြောင်း၊ သို့သော် ၈၈ မျိုးဆက် ကျောင်းသားများက နားလည်စွာ မလာရောက်ဘဲ နေခဲ့ကြောင်း ကိုဆောင်းဦးလှိုင်က ပြောသည်။
နာရေးကူညီမှု အသင်းဝင် တဦးဖြစ်သော ဂီတအနုပညာရှင် ဆောင်းဦးလှိုင်၏ ဂီတ ဖျော်ဖြေပွဲ ဖြစ်သည့်အတွက် အသင်းသားများ လာရောက်ရာတွင် အသင်းဝတ်စုံ မဝတ်ရန်တားမြစ်ခြင်းနှင့် အသင်းပိုင် ကားအား ဝင်ခွင့်မပြုခြင်းများ ရှိခဲ့သည်ဟု သိရသည်။
“အနှောင့်အယှက်တော့ မဟုတ်ပါဘူး။ ဖိအားတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ခံယူထားတာက ဘယ်အလုပ်ပဲ လုပ်လုပ် ဖိအားဆိုတာတော့ ရှိမှာပေါ့၊ အခုတော့ ပွဲကလည်း အောင်မြင်သွားပြီ၊ အလှူငွေတွေလည်း အောင်မြင်စွာနဲ့ လွှဲအပ်နိုင်ပြီ ဆိုတော့ တဦးကို တဦး အပြစ်တွေ ပြန်မပြောတော့ဘဲနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြော ချင်ပါတယ်” ဟု ကိုဆောင်းဦးလှိုင်က ဆိုသည်။
အနုပညာသမား ဖြစ်သည့်အတွက် အနုပညာဖြင့် အများပြည်သူကို ဆက်လက် အကျိုးပြုသွားမည်ဟု သူက ဆက်ပြောသည်။