ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးရေး မိမိ၏အဆိုကို ပြည်ထောင်စု အစိုးရက ပယ်ချလိုက် သော်လည်း ဆက်လက် ကြိုးပမ်းသွားမည်ဟုယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက “ဝန်ထမ်းတွေ လစာ တိုးပေးမယ့်ကိစ္စကို နောက်မဆုတ်ဘူး ဆက်လုပ်သွားမယ် ”ဟု ပြောကြောင်း Yangon Press International (YPI) သတင်းတပုဒ်တွင် ဖော်ပြထားသည်။
လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆိုကို ဦးရွှေမန်းက ဦးဆောင်ပြီး ပြည်ထောင်စုအစိုးရထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုတွင် ဝန်ထမ်းများ လုပ်ခ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်းနှင့် အလှူငွေကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပါရှိသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ပြည်တွင်း၌ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ထောင်ချီနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ဝန်ထမ်းလစာတိုးမြှင့်ရေး အဆိုကို သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ကိုယ်စား ပယ်ချခဲ့သည်။
ယမန်နေ့ကလည်း ဦးရွှေမန်းသည် အစိုးရဝန်ထမ်းများအတွက် လစာကို အနိမ့်ဆုံးအားဖြင့် ကျပ် ၁ သိန်း ပေးသင့်ကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့သေးသည်။
သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းပြောကြားမည့် မိန့်ခွန်းအား အစိုးရမီဒီယာများ၌ ပြန်လည်ဖော်ပြရာတွင် စကားလုံးတချို့ ဖြတ်တောက်ခံရကြောင်း၊ မိမိက ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်သည်ကိုလုပ်ရန် ပြောဆိုခဲ့သော်လည်း “သတ္တိ” ဆိုသည့်စကားလုံး ဖြတ်တောက်ခံရကြောင်း ပြောဆိုသည်ဟုလည်း YPI သတင်းတွင် ဖော်ပြထားသည်။
ထိုရက်ပိုင်းက ထုတ်ဝေသည့် အစိုးရသတင်းစာတွင် ပြည်ထောင်စုလွှတ်တော်၌ ပြောဆိုသည့် ဦးရွှေမန်း၏ လစာတိုးပေးရေး ဆွေးနွေးမှုထက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို အကျယ်တဝင့် ဖော်ပြထားသည်။