ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားရေးနှင့် ပတ်သက်၍ အဆိုပြုချက်တရပ်ကို သမ္မတဦးသိန်းစိန်က လွှတ်တော်၌ တင်သွင်းပြီး မဲခွဲရာ ရှှုံးနိမ့်ခဲ့ကြောင်းသိရသည်။
အုပ်ချုပ်ရေးမှူး ခန့်အပ်ရာ၌ ညှိနှှိုင်းဆွေးနွေး၍ ဆောင်ရွက်ကြရန် ဦးသိန်းစိန်က အဆိုပြုပြီး ဥပဒေကြမ်းကော်မတီကမူ ဒီမိုကရေစီနည်းလမ်းအရ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ရန် တင်ပြခဲ့သည်။ ယင်းကိစ္စကို ယမန်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ကြရာ မဲအရေအတွက် ၄၀ ဖြင့် သမ္မတဘက်က ရှှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“သမ္မတကို ထောက်ခံမဲက ၂၃၆ မဲ၊ ဥပဒေကြမ်းကော်မတီကို ထောက်ခံမဲက ၂၇၈ မဲနဲ့ နိုင်သွားတယ်။ ကျနော်တို့က ဥပဒေကြမ်း ကော်မတီအပေါ်မှာပဲ ယုံကြည်မှုရှိတယ်။ သမ္မတတင်ပြချက်က အုပ်ချုပ်ရေးပိုင်းမှာ သူတို့အကြိုက် လူတွေပဲ ထားစေချင်တဲ့သဘော ဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
သမ္မတ၏ အဆိုပြုချက်၌ မဲစနစ်ဖြင့် ဆောင်ရွက်ပါက အချိန်ပေးရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အုပ်ချုပ်ရေး၌ မလိုလားအပ်သူများ ပါဝင်လာနိုင်ခြင်းတို့ကြောင့် ညှိနှှိုင်းခန့်အပ်သင့်သည်ဟု အကြောင်းပြချက်ပေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ရှင်းပြသည်။
“ဒီမိုကရေစီစနစ် ကျင့်သုံးမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်ကနေ သမ္မတအထိ လျှို့ဝှက်မဲစနစ်နဲ့သွားဖို့ လိုအပ်ပါတယ်။ ဥပဒေမှာလည်းပဲ ဒီအတိုင်းပြဌာန်းထားတဲ့အတွက် ဥပဒေအရဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဆွေးနွေးခဲ့ကြောင်း ဦးသိန်းညွှန့်က ဆိုသည်။
ထိုအဆိုနှင့်ပတ်သက်၍ အခြေအတင်ဆွေးနွေးကြသည့်တိုင် သဘောတူညီမှု မရရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရကြောင်း၊ စစ်တပ်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက သမ္မတကို ထောက်ခံကြကြောင်း သိရသည်။
ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းအား ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အသီးသီးမှ ဆွေးနွေး၍ အတည်ပြုထားပြီး ဖြစ်ကြောင်း သိရှိရသည်။
သမ္မတနှင့်လွှတ်တော်တို့၏ အားပြိုင်မှု၌ ဒီမိုကရေစီ နည်းလမ်းတကျ လွှတ်တော်က ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ကိုယ်စားလှယ်အများစုက အားရကျေနပ်မှုရှိကြောင်း၊ နောင်ပြုလုပ်မည့် ကိစ္စများတွင်လည်း လွှတ်တော်၏ လုပ်ဆောင်ချက် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါက လွှတ်တော်၏ အခန်းကဏ္ဍ ပီပြင်လာမည်ဟု ယူဆရကြောင်း ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
“လက်ရှိအခြေအနေအရဆိုရင် လွှတ်တော်က ပြောတာကို အစိုးရက လိုက်နာမှု အားနည်းသေးတယ်။ ပြည်သူတရပ်လုံးအတွက် အရေးကြီးတဲ့ကိစ္စမျိုးကို လွှတ်တော်က တင်ပြရင် အစိုးရဝန်ကြီးတွေက လိုက်နာဖို့ လိုပါတယ်” ဟု ဦးဘရှိန် ကဆိုသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အစိုးရဝန်ထမ်းများ၏ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးရေး အဆိုတရပ်ကို လွှတ်တော်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က တင်ပြခဲ့ရာ ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လိုငွေပြမှု၊ ငွေကြေးဖောင်းပွလာနိုင်မှုတို့ကို အကြောင်းပြကာ ပယ်ချခဲ့သည်။
လစာတိုးမြှင့်ပေးရေး ကိစ္စ အောင်မြင်စေရန် ထပ်မံကြိုးစားဦးမည်ဟု ဦးရွှေမန်းက ရန်ကုန်မြို့၌ ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ တင်ပြလိုသည့်အချက်၊ ပြောဆိုချက်ကိစ္စများကို သတ္တိရှိရှိ ပြောဆိုတင်ပြ ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ မပြောဆိုဘဲ ထားခြင်းသည် အဂတိတရားလိုက်စားရာ ရောက်ကြောင်း ဦးရွှေမန်းက ကိုယ်စားလှယ်များကို ပြောဆိုခဲ့ကြောင်း သိရသည်။