၈၈ မျိုးဆက်ကျောင်းသားများက ကချင်ပြည်နယ်တွင်း ခိုင်မာသည့် ငြိမ်းချမ်းရေး ပေါ်ထွန်းစေရန် ပေါင်းကူး ပံ့ပိုးပေးလိုကြောင်း ပြောကြားလိုက်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်း ခံခဲ့ရသည့် ဒေသခံပြည်သူများ၏ ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြား၍ သွားရောက်ကြသော ၈၈ မျိုးဆက် ကျောင်းသားများက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ၈၈ က ဘာလုပ်ချင်တာလဲဆိုတော့ အထက်နဲ့အောက်ခြေကြားမှာ ပေါင်းကူးပေးချင်တယ်။ ကျနော်တို့ တံတား ထိုးပေးချင်တယ်။ အဓိက အဲဒီအလုပ်ကို ၈၈ က ကြားဝင်ပြီးတော့ ဒီကွက်လပ်ကို ဝင်ဖြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။
အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်ကို ပိုမို၍ ချောမွေ့ မြန်ဆန်ရေး အတွက် အခွင့်အလမ်းရလျှင် မည်သည့် ပုံစံမျိုးနှင့် ဖြစ်စေ ပံ့ပိုးကူညီချင်ကြောင်း သူက ဆက်ပြောသည်။
ကျေးဇူးတော် အခမ်းအနားကိုစီစဉ်သူ ဒေသခံ ပြည်သူများက ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ၁၈ ဦးတို့အပြင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများ လုပ်ကိုင်နေသည့် ဦးအုန်း၊ ဒေါက်တာ ကျော်သူ၊ ဒေါ်ဒေဝီသန့်ဇင် အစရှိသူတို့ကိုလည်း ဖိတ်ကြားကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များ၏ အခြေအနေမှန် သိရှိရေး၊ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေမှန်များသိ ရှိ ရေးတို့အတွက် ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်သားများက ကချင်ဒေသ စစ်ဘေး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေမှန်များကို ဖေဖော်ဝါရီ၂၅ ရက်အထိ လေ့လာသွားရန်ရှိကြောင်းလည်း သိရသည်။
“အဓိကကတော့ တိတ်နေတဲ့ အသံတွေကို ကျနော်တို့ ကြားချင်တာပါ။ စစ်ပွဲဖြစ်ရင် ဘယ်သူနဲ့ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် မြေဇာ ပင်ဖြစ်တဲ့ ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ကိုကိုကြီးက ဆိုသည်။
အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်များကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များစွာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို အလေးအနက်စာနာသည့်အတွက် စေတနာရှင်များ၏ အလှူငွေထည့် ဝင် မှုများစုပေါင်း၍ ကျပ် သိန်း ၁၀၀ ကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများက လှူဒါန်းခဲ့ကြောင်း သိရသည်။
ခိုင်မာသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြစ်ထွန်းရေးအတွက် အစိုးရ ခေါင်းဆောင်များ၊ KIA ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ လိုကြောင်း၊ သို့သော် ခရီးစဉ်အတွင်း KIA ခေါင်းဆောင်များနှင့်တွေ့ဆုံနိုင်ရေးသည် တည်ဆဲဥပဒေနှင့် ဒေသဆိုင်ရာ အာ ဏာ ပိုင် အဖွဲ့အစည်းများအပေါ် မူတည်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ က ပြောသည်။
“KIA ခေါင်းဆောင်များနဲ့ တွေ့ဖို့ မတွေ့ဖို့ဆိုတာကတော့ လက်တွေ့ပြဿနာတွေနဲ့ ဒေသရဲ့အခြေအနေပေါ် မူတည်ပါတယ်။ လက်နက်ကိုင် ခေါင်းဆောင်ချင်း စကားပြောတဲ့ ဖြစ်စဉ်တွေက အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ရှိနေတယ်။ ပိုပြီး ထိရောက် စေချင်တယ်”ဟု ကိုကိုကြီးက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ဒေသသို့ ရောက်ရှိနေကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ဖေဖော်ဝါရီ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့ ခရီးဆက်ကာ မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိ မြို့ဘများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်းများစွာ ရွှေ့ပြောင်းပေးခဲ့ရပြီး သဘာ၀ ပတ် ဝန်းကျင် ထိခိုက်မှုများ ရှိသည့်အတွက် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်မည့်အရေး မြန်မာနို်င်ငံသားများက စီမံကိန်း ရပ် တန့်ရန် ညီညွတ်စွာဆန္ဒပြခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နှင့် KIA တို့ကြား စစ်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူ သောင်း ချီ ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
အစိုး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။