မြန်မာနိုင်ငံတွင် HIV/AIDS လူနာများနှင့် တီဘီရောဂါသည်များအတွက် ဆေးဝါးများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)ထုတ်ပြန်ကြေညာလိုက်သည်။
HIV/AIDS လူနာ ၈၅၀၀၀ အတွက် HIV ပိုးထိန်းချုပ်သည့် ART (anti-retroviral therapy) ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း၊ ထို့အပြင် တနှစ်လျှင် ဆေးမတိုးသော (သို့) ဆေးယဉ်ပါးသော တီဘီရောဂါ (MDR-TB) ကူးစက်သူ ၉၃၀၀ ခန့် ရှိနေကြောင်းနှင့် ဆေးကုသမှုခံယူသူ ၃၀၀ ခန့်သာရှိသေးကြောင်း MSF က ယမန်နေ့က ထုတ်ပြန်သော “မရေရာသော ဘဝများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန် အခြေဆိုက် Global Fund အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါ (AIDS)၊ တီဘီ အဆုတ်နာရောဂါ (TB) နှင့် ငှက်ဖျားရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်အဖြစ် ဆေးဝါးပြတ်လပ်မှု အခက်အခဲများ ရင်ဆိုင်နေရပြီး ၂၀၁၄ မတိုင်ခင်အထိ အကူအညီများရရန် မျှော်လင့်ချက် မရှိသေးကြောင်း အစီရင်ခံစာက ဆိုထားသည်။
“မြန်မာနိုင်ငံမှာ HIV/AIDS, တီဘီရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေအတွက် ဆေးဝါးကုသဖို့ အလှူရှင်တွေက ပြန်ရုပ်သိမ်းသွားတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မလိုအပ်ဘဲ သေဆုံးတာတွေ၊ ဖျားနာနေသူတွေနဲ့ အတော့်ကို ကြေကွဲစရာ အကျိုးဆက်တွေကို ကျနော်တို့ နေစဉ်ရင်ဆိုင်နေကြရတယ်” ဟု MSF မြန်မာရုံးတာဝန်ခံ Peter Paul de Groote က အစီရင်ခံစာတွင် ပြောထားသည်။
HIV/AIDS လူနာများကို အကူအညီပေးနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မဖြူဖြူသင်း ခေါင်းဆောင်သည့်အဖွဲ့သည် တဦးချင်း အလှူရှင်များနှင့် MSF အဖွဲ့တို့မှ ဆေးဝါးနှင့် အထောက်အပံ့များကို ယူနေရကြောင်း၊ ယခုကဲ့သို့ ဆေးဝါးအခက်အခဲ လိုအပ်မှုများကြောင့် အားလုံးက နည်းလမ်းရှာသွားကြရန်လိုကြောင်း အဆိုပါအဖွဲ့မှ ကိုရာဇာက ဧရာဝတီသို့ ပြောသည်။
“အစိုးရများအပိုင်းကလည်း တာဝန်ယူပေးသင့်တယ်။ အခု ကျန်းမာရေး ဘတ်ဂျက်တိုးတာကလည်း ၂.၈ ရာခိုင်နှုန်းလောက်ဆိုတော့ ဘာမှ မလုံလောက်ဘူး။ ဒီလိုဖြစ်ရပ်တိုင်းနဲ့ ပတ်သက်ရင် အစိုးရတိုင်းရဲ့ တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ မဖြူဖြူသင်း ဦးဆောင်သည့် ကူညီရေးအဖွဲ့က နေ့စဉ် ဆေးဝါးတိုက်ကျွေးနေသူပေါင်း ၃၀၀ ခန့် ရှိပြီး တိုင်းနှင့်ပြည်နယ်များသို့ ဆက်သွယ်၍ အကူအညီပေးနေရသူများ ၅ သောင်း ဝန်းကျင်ရှိကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ART ဆေး မတိုက်ကျွေးနိုင်သောကြောင့် နှစ်စဉ် လူနာပေါင်း ၁ သောင်းခွဲမှ ၂ သောင်းအထိ သေဆုံး နေကြောင်း၊ ဆေးမတိုးတော့သည့် MDR-TB ရောဂါ ကူးစက်ပြန့်ပွားမှုမှာလည်း ၃ ဆ ခန့်ရှိကြောင်း၊ အဆိုပါ MDR-TB ရောဂါသည် ကျန်းမာရေး အလွန်ကောင်းသူတဦးပင်လျှင် ကူးစက်ရန် အလွန်လွယ်ကူကြောင်း သိရသည်။
“ကျနော်က မဖြူဖြူသင်းတို့ ကျေးဇူးကြောင့် ဆေးရတယ်။ ဒါပေမယ့် နယ်က ကျနော့်အမျိုးတွေက အခုထိ ဆေးမရဘူးဗျာ။ တချို့ဆုံးသွားတယ်။ ဆေးရတယ်ဆိုရင်ပဲ ရောဂါက တဝက်သက်သာတာဗျ။ လူနာတိုင်း ရသင့်တယ်” ဟု မကွေးမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် လူနာအမျိုးသားတဦးက ပြောသည်။
မြန်မာနိုင်ငံတွင်းရှိ အဆိုပါ ရောဂါကြီးများ တိုက်ဖျက်ရေးအတွက် Global Fund, 3DFund စသည့် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး အဖွဲ့တချို့တို့က ရန်ပုံငွေများ နှစ်စဉ်ကူညီခဲ့သည်။