အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အတွက် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိရန် ကချင်ပြည်နယ် နမ္မတီးကျေးရွာအားကစားကွင်း၌ မိနစ်၂၀ခန့် ပြုလုပ်သည့် လူထုဟောပြောပွဲတွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ကျမ တို့ အချင်းချင်း တဦးအပေါ်တဦး နားလည်မှုရှိရမယ်၊ တဦးကိုတဦးလေးစားရမယ်၊ တဦးကိုတဦးသစ္စာထားရမယ်၊ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်လို့ ယုံကြည်ချက်နဲ့ လက်တွဲဆောင်ရွက်ကြပါစို့”ဟု ကချင်ပြည်နယ် လူထုကိုပြောကြား သည်။
မိမိတို့ NLD ပါတီအနေဖြင့် ဒေသခံပြည်သူများ အကျိုးကို ဆောင်ရွက်ပေးစေချင်လျှင် မိမိတို့ ပါတီအား မဲထည့်ခြင်းအားဖြင့် ကူညီ စေလိုကြောင်း၊ သို့မှသာ ပြည်သူလူထုကို ကူညီနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မြို့နယ် NLD ပါတီရုံးသို့ ဆက် သွယ် အကူအညီတောင်းခံနိုင်ကြောင်းလည်း ပြောဆိုသည်ဟု NLD အသိုင်းအဝိုင်းက ပြောပြသည်။
“ကျမတို့က ပြည်သူတွေကို အင်အားဖြည့်ပေးချင်တယ်၊ ကိုယ်ဘာသာကိုယ် ကျော်လွှားနိုင်တဲ့ အင်အားတွေ၊ အခွင့်အရေးတွေရဖို့
ကျိုးစားရမယ်၊ ဘယ်သူ့ကိုမှ အားမကိုးရဘူးပေါ့၊ နောက်ဆုံး ပြည်သူတွေကို အစိုးရကအားကိုးရတဲ့အခြေအနေကို ကျမတို့ကပို့ပေး ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ထို့အပြင် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့်လည်း ဒီမိုကရေစီအတွက် တံခါးဖွင့်ဖော်ဆောင်ပေးနေကြောင်းလည်း ထည့်သွင်းပြောကြား သွားသည်။
ဒေါ်အောင်ဆန်းစုကြည်အား နမ္မတီးကျေးရွာနှင့်အနီးဝန်းကျင်ရှိ ပြည်သူ သောင်းနှင့်ချီ၍ သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း နမ္မတီး NLD လူငယ် ကိုဝင်းနိုင်က ပြောသည်။
“နယ်တိုင်း က လာပြီး တအားတိုးနေတာ၊ လုံခြုံရေးအတွက်စိုးရိမ်ပေမယ့် နိုင်နိုင်နင်းနင်း ထိန်းနိုင်တယ်လို့ ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။
မူလက ယခုခရီးစဉ်ကို ဒေသအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် တားမြစ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည် ရုပ်သိမ်း၍ ခွင်းပြုခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မိုးကောင်းမြို့သို့ ဆက်လက်ထွက်ခွာသွားရာ လမ်းခရီးတွင် လူထုကြိုဆိုမှုများပြားသည့် အတွက် ယာဉ်တန်းကို ဖြေညင်းစွာ မောင်းနေရကြောင်း ကိုဝင်းနိုင်က ဆက်ပြောသည်။
မိုးကောင်းမြို့၌ လူထု စည်းရုံးရေးဟောပြောပွဲ ပြုလုပ်အပြီးတွင် မြစ်ကြီးနားသို့ ပြန်လည် ညအိပ်နားနေမည် ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာလာရာ မြစ်ကြီးနားမြို့သို့ ၁၂နာရီ ကျော်ကျော်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။
မြစ်ကြီးနားလေဆိပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား လူထုကသောင်းသောင်းဖြဖြ ကြိုဆိုကြောင်း၊ မြစ်ကြီးနား မနောကွင်း တွင် မနက်ဖြန်နံနက် ၉နာရီခန့်တွင် လူထုအားဟောပြောမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ NLD ပါတီမှ ဦးနေဝင်းကပြောသည်။