ထိုင်း-မြန်မာ နယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၁၀၀၀ ကျော် လောင်ကျွမ်းသွားကြောင်း သတင်းရရှိသည်။
![01 (19)](https://burma.irrawaddy.com/wp-content/uploads/2012/02/01-19.jpg)
“မီးလောင်တာက ၁၂ နာရီ မိနစ်၂၀ မှာ၊ ရပ်ကွက် ၉ က စပြီးလောင်တာ။ ရပ်ကွက် ၆၊ ၇၊ ၈၊ ၉၊ လို့ခေါ်တဲ့ ရပ်ကွက် ၄ ခု လောင် သွားပြီး ကလေး၂ ဦးနဲ့ နာမကျန်းဖြစ်နေတဲ့ အဘိုးကြီး တယောက် မီးထဲပါသွားတယ်”ဟု အုန်းဖျန် ဒုက္ခသည် စခန်းတွင်းမှ နိုင်ငံ ရေး အကျဉ်းသားဟောင်း ကိုလှသန်းက ဧရာဝတီကို ပြောသည်။
ထို မီးလောင်မှုကြောင့် ၄ ဦးကိုလည်း ဆေးရုံ တင်ထားရကြောင်းနှင့် အုန်းဖျန် ဒုက္ခသည် စခန်းတွင် ရပ်ကွက်ပေါင်း ၁၆ ခု ရှိပြီး မီးလောင်မှုဖြစ်သည့် ရပ်ကွက် ၄ ခုသည် စခန်းအလယ်တွင်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
စခန်းတွင်းရှိ ယောကျာ်အများစုမှာ အလုပ်ထွက်လုပ်ချိန်လည်း ဖြစ်၍ အမျိုးသမီးနှင့် ကလေးငယ်များသာ အိမ်၌ကျန်ခဲ့ကြောင်း၊ ယနေ့သည် ရပ်ကွက် ၈ နှင့် ၉ တို့၏ ဂိုဒေါင်တွင် ရိက္ခာထုတ်ပေးချိန်ဖြစ်၍ အမျိုးသမီး အများစုသည်လည်း ရိပ်က္ခာသွားထုတ် နေ ကြကြောင်း သိရသည်။
“ကျနော် သိသလောက်တော့ စ လောင်တဲ့ အိမ်တအိမ်က လူကြီးကလည်း မရှိတဲ့အခါကျတော့ ကလေးကို ထမင်း ချက်ခိုင်း တယ်။ အဲဒီကနေစပြီး မီးလောင်တာပဲ”ဟု ကိုလှသန်းက ဆိုသည်။
ထို့အပြင် ရပ်ကွက် ၄၊ ၅ နှင့် ၁၀ တို့တွင်လည်း အနည်းငယ် ကူးစက်လောာင်ကျွမ်းကြောင်း၊ မီးလောင်ကျွမ်းမှုတွင် အစ္စလမ် ပလီ ဝတ်ကျောင်းတခုလည်း ပါဝင်ကြောင်း သိရသည်။
မီးလောင်စလောင်ပြီး ၁ နာရီ ဝန်းကျင်တွင် ဖုတ်ဖရ မြို့နယ်မှ မီးသတ်ကား ၂ စီး လာရောက်ခဲ့သော်လည်း ရေမရှိကြောင်း၊ နောက်ထပ် မီးသတ်ကားတစီး ထပ်လာခဲ့ပြီးနောက် စခန်းတွင်း ရေအိုင်မှ ရေများဖြင့် ငြိမ်းသတ် နိုင်ခဲ့ကြောင်း၊ ထိုင်းစံတော်ချိန် နေ့လယ်၂ နာရီ ကျော်တွင် မီးညွန့်ကျိုးသွားကြောင်း ကိုလှသန်းက ပြောပြသည်။
ဒုက္ခသည် တဦးကလည်း“ဒီနေ့ မီးလောင်တာက စခန်းတခုလုံး မီးလောင်တော့မလို ဖြစ်တာ။ လူ ၁၀ ယောက်မှာ ၉ ယောက်က အသက်လုပြီး ပြေးကြရတာ”ဟု ပြောသည်။
မီးဘေး ဒုက္ခသည်များ အကူအညီအတွက် စခန်းကော်မတီများက စတင်စီစဉ်နေကြောင်း၊ ယခုထိ မီးငွေ့များ ရှိနေသည့် အတွက် မီးကြွင်းမီးကျန်များ ဆက်လက်ငြိမ်းသတ် နေရကြောင်းလည်း ဆိုသည်။
အုန်းဖျန် ဒုက္ခသည်စခန်းတွင် ဒုက္ခသည် စုစုပေါင်း ၂ သောင်းခန့် ရှိကြောင်း သိရသည်။