အမျိုးသား ခရီးသည်များ ဝင်ခွင့်မရတာကတော့ အမျိုးသမီး ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘတ်စ်ကား ကျပ်ကျပ်တွေကြောင့် စိတ်ညစ်နေရတဲ့ ရန်ကုန်မြို့နေအမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါ။
မိန်းမဘတ်စ်ကားလို့ တချို့က အမည်ပြောင် ပေးထားတဲ့ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေကို ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကစပြီး စမ်းသပ် မိတ်ဆက်ရာကနေ တနင်္လာနေ့မှာတော့ ပုံမှန်ပြေးဆွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်မြို့နေ့ အမျိုးသမီးတွေ ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းမှာ ဘတ်စ်ကားကျပ်တဲ့ ဒုက္ခက ကင်းဝေးအောင်၊ သီးသန့်လေး စီးနင်းနိုင်အောင် စေတနာ၊ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ပါရမီ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ ဌာနခွဲမှူးတဦးက ဧရာဝတီကို ပြောပါတယ်။
ဒီကားတွေကို ရုံးဖွင့်ရက်တွေမှာပဲ၊ ပြီးတော့ ကား အထူးကျပ်တဲ့ ရုံးတက် ရုံးဆင်းချိန်မှာပဲ တွေ့ရမှာပါ။
အဓိပတိ အပြာ၊ အနီ၊ အဝါ၊ ၁၇၆၊ ၁၇၇ ဆိုတဲ့ ယာဉ်လိုင်းတွေမှာ အမျိုးသမီး ခရီးသည်တင် ဘတ်စ်ကားတွေ ရှိနေပါပြီ။ အရေအတွက်က အများကြီးတော့ မဟုတ်ပါဘူး၊ တလိုင်းကို နှစ်စီးနှုန်းနဲ့ ဆယ်စီးပြေးဆွဲနေတာပါ တဲ့။
ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခံနေရတာတွေဟာ အမျိုးသမီး ခရီးသည်များ နေ့စဉ်နဲ့အမျှ တွေ့ကြုံ ခံစားနေကြရတဲ့ ပြဿနာကြီးပါ။
တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံတပုံကို ထမ်းထားရတဲ့ ရန်ကုန်မှာ ဒီပြဿနာဟာ ဆယ်စုနှစ်တခုမက ကြာလာပါပြီ။ နှစ်တွေ ကြာလာလေ၊ ကားတွေ ကျပ်လာလေ၊ ဒီပြဿနာ ပိုကြီးလာလေပါပဲ။
ကားကျပ်တာကို အခွင့်ကောင်းယူပြီး ပွတ်သီးပွတ်သပ်လုပ်တတ်သူ၊ လက်သရမ်းတတ်သူတချို့နဲ့ ကြုံရမှာကို အရွယ်ရောက်တဲ့ မိန်းကလေးတွေ စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အခုတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးများပါ ဒီအန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။
ဘတ်စ်ကားနဲ့သာ အဓိကထား သွားလာနေရတဲ့ ရန်ကုန်သူတွေက ဒီပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ကြပါတယ်။ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်တွေမှာ ဘတ်စ်ကား မကျပ်ပါစေနဲ့ုလို့ မဖြစ်နိုင်တာကို ဆန္ဒပြုရင်း တချို့က အပ်ချိတ်ကြီးကြီး ဆောင်ကြ၊ တချို့ကျတော့ ခေါက်ထီးကြီးကြီး ကိုင်ကြ … စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြတာပါ။
အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေ ပေါ်ပေါက်လာတာကို လိုအပ်ရဲ့လား ဆိုပြီး ဝေဖန်သူများ ရှိသလို၊ တခဲနက် ကြိုဆိုသူများလည်း ရှိတယ် ဆိုတာ အင်တာနက် စာမျက်နှာများမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။
“သိန်းထောင်ချီ (တန်တဲ့) ကားတွေစီးနေတဲ့ အမျိုးသမီး ရေးရာက “ကတော်မမကြီး” တွေ ပိုက်ဆံ ဝိုင်းထည့်ပြီးတော့တောင် အရှုံးခံ ဆွဲပေးသင့်တာပေါ့” လို့ ဒါရိုက်တာ ချိုတူးဇော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။
ကဲ … ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ ဖြစ်ဖြစ် အမျိုးသမီးများအတွက် သီးသန့် ဘတ်စ်ကား ၁၀ စီးတိတိ မဟာရန်ကုန်က ကားလမ်းတွေပေါ်မှာ အချိန်ပိုင်း ပြေးလွှားနေပါပြီ။ ဒီကားတွေပေါ်က လေဒီကြီးငယ်တွေ အဆင်ပြေကြသလိုပဲ တခြား နယ်စည်းမခြား ဘတ်စ်ကားများပေါ်မှာ သွားလာနေရတဲ့ အမျိုးသမီးများလည်း အန္တရာယ် မျိုးစုံမှ ကင်းပါစေလို့ ဆန္ဒပြုရင်း..
အဆိုတော်ရဲ့ ဒုက္ခ
အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို”တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး ဆိုတာ အခုလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေချိန်မှာ ပိုပြီး ထင်သာမြင်သာ ရှိလာပါပြီ။
အဆိုတော် ဆောင်းဦးလှိုင်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲလုပ်တော့ သူ့ပွဲကို လာမကြည့်ကြဖို့ တချို့သောသူတွေကို သူက ဖုန်းဆက် ဟန့်တားခဲ့ရပါတယ်။
အာဏာပိုင်တို့က ၈၈ မျိုးဆက် ခေါင်းဆောင်များ ဒီပွဲ မတက်စေနဲ့လို့ သူ့ကို ပြောတဲ့အတွက် သူကလည်း အဲဒီလို လိုက်ပြီး ပိတ်ရတာပါ တဲ့။
စတိတ်ရှိုးလာ ပရိသတ်တွေထဲမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) က ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ သူတို့ကိုလည်း စတိတ်ရှိုးကြည့်ချင်ကြည့်၊ ယူနီဖောင်းတွေတော့ ဝတ်မလာနဲ့လို့ အမိန့်တော်ရှိခဲ့ပါတယ်။
ဒီလို ဖိအားပေးတဲ့ အာဏာပိုင်တွေကို အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ပြစ်တင်တာတွေ ချက်ချင်း ရောက်ချလာပါတယ်။ ဆောင်းဦးလှိုင်ကတော့ ဘာအပြစ်မှ မပြောချင်တော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီကို လေ့ကျင့်ဆဲအနေအထား ဖြစ်ပါလိမ့်မယ် တဲ့။
“လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး … ဒါတွေကို နားလည်တဲ့လူတွေ ရှိသလို နားမလည်သေးတဲ့၊ သင်ယူဆဲ ပုံစံ မပြောင်းနိုင်သေးတဲ့ လူတွေလည်း ရှိနေမယ်လေ။ ဒါကတော့ သဘာဝပဲ။ အဲဒီတော့ ကျနော် တို့က နားမလည်သေးတဲ့လူတွေကို နားလည်အောင်ပဲ စည်းရုံးပြီး တဖြည်းဖြည်း သွားရမှာဗျ”
ဒါကြောင့်ပြောတာပေါ့ – အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို “တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး လို့။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဟော … အာဏာပါဝါပြသူများကိုလည်း စည်းရုံး နားချတာတွေလည်း လုပ်နေရပါပြီ။
ဘယ်လောက် ကြာအောင် နားချရမှာလဲ။
“နေ့တွင်းညတွင်းချင်းတော့လည်း အားလုံးက ဒီအခွင့်အရေး၊ ဒီစနစ်တွေ၊ ဒီပုံစံတွေ နားလည်သွားမယ်လို့ ပြောလို့ မရဘူးပေါ့ဗျာ၊ ကျနော့တို့ဘက်ကလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်နဲ့ပဲပေါ့၊ ကျနော်တို့ကတောင် ပြန်ပြီး ကိုယ်ချင်းစာနေရတာပေါ့ဗျာ” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆောင်းဦးလှိုင်က ဒီပွဲမှာ သိန်း တရာကျော် ရခဲ့ပါတယ်။ ဒီငွေတွေ သူ ဘာလုပ်မှာလဲ။
နာရေးအသင်းကို ၄၂ သိန်း၊ ၈၈ မျိုးဆက် ခေါင်းဆောင်များရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ၄၂ သိန်း လှူဒါန်းလိုက်ပြီး ကျန် ၄၂ သိန်းကတော့ နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေ ဖြစ်သွားပါလိမ့်မယ်။
နာရေးကူညီမှုအသင်းဝင်တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်က အရင်ကလည်း အသင်းရန်ပုံငွေအတွက် စင်ပေါ်တက် သီချင်းဆိုခဲ့ဖူးသူပါ။
အနာဂတ် ရန်ပုံငွေပွဲတွေမှာရော အဟန့်အတားတွေ ကြုံရင် ဘယ်လိုလုပ်မလဲ။
“ဒီလိုပဲ တဖြည်းဖြည်း နဲ့ နားလည်လာအောင် လုပ်ရမှာပေါ့” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီ အကောင်အထည် မပေါ်သေးခင်တော့ စိတ်ရှည်သည်းခံရခြင်းဟာလည်း အဆိုတော်တယောက်ရဲ့ အရည်အချင်း ဖြစ်လာပြီ ထင်ပါရဲ့။