အာဆီယံ ထိပ်သီးအစည်း အဝေးကို ၂၀၁၄ တွင် လက်ခံ ကျင်းပရေး အတွက် မြန်မာနိုင်ငံသည် ပြင်ဆင်စရာများစွာ ရှိနေဆဲဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အစည်းအဝေးများအတွက် လမ်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများ၊ ဟိုတယ်နှင့် အင်တာနက်စနစ်များတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း၊ သို့မှသာ နိုင်ငံ့ခေါင်းဆောင်များ၊ ထောင်နှင့်ချီသော ကိုယ်စားလှယ်များနှင့် စာနယ်ဇင်းသမားများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောသည်ဟု DPA သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ထို့အပြင် ငွေကြေးစနစ်၊ ဘဏ်စနစ်နှင့် ဘဏ္ဍာရေးအစနစ်များလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟု ဒေါက်တာ ဆူရင်က ထောက်ပြသည်။
“အရေးကြီးတဲ့ နိုင်ငံတကာ အစည်းအဝေးတွေကို အဆင်ပြေအောင် လက်ခံကျင်းပပေးဖို့အတွက် ငွေလက်ငင်းချေစနစ်နဲ့ချည်းပဲ သွားလို့ မရပါဘူး” ဟု ဒေါက်တာ ဆူရင်က FCCT သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။
“အာဆီယံဥက္ကဋ္ဌရာထူးကို အောင်အောင်မြင်မြင်နဲ့ မြန်မာက ရယူဖို့ ရှိတယ်ဆိုရင် လာမယ့် နှစ်နှစ်အတွင်းမှာ လုပ်ကိုင်စရာတွေ အများကြီး လိုအပ်ပါလိမ့်မယ်” ဟု ဒေါက်တာ ဆူရင်က ဆက်လက်ပြောသည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၄ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ကာ သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရယူရေး အသင့်ဖြစ်အောင် လုပ်ဆောင်နေခြင်း ရှိမရှိတို့ကို လာရောက်လေ့လာသွားခဲ့သည်။
၂၀၁၄ တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှစ်ပတ်လည် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို လက်ခံကျင်းပရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အာဆီယံက သဘောတူခဲ့သည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းသတ်မှတ်ရေး၊ ငွေကြေးစနစ်များအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (IMF) စသည့် အဖွဲ့အစည်းများ၏ အကူအညီကို တောင်းခံထားသော်လည်း ယင်းအဖွဲ့အစည်းများက နည်းပညာနှင့် အတတ်ပညာ အကူအညီသာပေးပြီး ငွေကြေးချေးပေးမှုများ မရှိသေးပေ။
ပုဂ္ဂလိကဘဏ်များခွင့်ပြုပေးထားသော်လည်း ဘဏ်လုပ်ငန်းစနစ်များ၊ ဘဏ်အချင်းချင်း ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်နှင့် အင်တာနက် စနစ်များတွင်လည်း အခြေခံအဆောက်အဦချို့တဲ့မှုကြောင့် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယင်းလိုအပ်ချက်များအတွက် ပြည်ပမှ အရင်းအနှီးများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးရေး သမ္မတဦးသိန်းစိန်က ပြောဆိုထားသည်။
မြန်မာအစိုးရအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှုများ ပေးခြင်းအားဖြင့် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အာဆီယံဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါက်တာ ဆူရင်က ပြောဆိုခဲ့သေးသည်။
အမေရိကန်နှင့် အနောက်နိုင်ငံများကမူ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေး စသည်တို့အပေါ်မူတည်၍ ပိတ်ဆို့အရေးယူများ ဖြေလျှော့၊ ရုပ်သိမ်းရေး ပြုလုပ်မည်ဟု တုံ့ပြန်ထားသည်။