ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် Save The War Victims အမည်ရှိ ရန်ပုံငွေပွဲကို ရန်ကုန်မြို့ ပြင်သစ် သံရုံး ယဉ်ကျေးမှု ဌာနတွင် ယမန်နေ့က ကျင်းပသည်။
စစ်ပြေး
ဒုက္ခသည်များအား အကူအညီ ပေးလိုသည့် ရန်ကုန်မြို့မှ လူငယ်များ စုပေါင်းကျင်းပခြင်း ဖြစ်ပြီး ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ၊ ဂီတ စသည့် စာပေ အနုပညာ လောက သားများလည်း ပါဝင်ကြောင်း သိရသည်။
“လူငယ်တွေ ဦးဆောင်တယ်ဆိုပေမယ့် နယ်ပယ်အသီးသီးက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေလည်း အားတက်သရော ကူညီ လုပ်ဆောင်ကြ ပါတယ်”ဟု ရန်ပုံငွေပွဲ ဦးဆောင်ကျင်းပသော လူငယ်တဦးက ဆိုသည်။
ကာတွန်းဆရာများက ရုပ်ပြောင်ပုံ တပုံ ကျပ် ၃၀၀၀ နှုန်းနှင့် ဆွဲပေးပြီး ရသည့် ငွေများကို လှူကြောင်း၊ ပန်းချီဆရာများကလည်း ပန်းချီကားများကို ရောင်းပြီး လှူကြောင်း၊ ကဗျာဆရာများနှင့် အနုပညာသမားများကလည်း ကဗျာရွတ်ပွဲ၊ ပါဖောမင့်ပွဲများ၊ ဓာတ်ပုံ
ပြ ပွဲများ ပြုလုပ်ကြပြီး လူငယ်အဖွဲ့ ၄ ဖွဲ့က ဈေးရောင်းကြကြောင်းလည်း ၎င်းက ပြောပြသည်။
ညပိုင်းတွင် တိုင်းရင်းသား လူငယ်အဖွဲ့များ၏ အဆိုအကများနှင့် ဖျော်ဖြေတင်ဆက်ကြပြီး ပုံပြောသူများအဖွဲ့၊ နောနော်၊ ဂျီလတ်၊ ချစ်သုဝေ၊ စိုင်းအောင်ထီးခမ်း၊ အောင်းလာ၊ လင်းနစ်၊ ချိုပြုံး၊ ကေဂျာနူး စသည်တို့ ပါဝင်သော ရန်ပုံငွေစတိတ်ရှိုး တခုလည်း ပြုလုပ် ခဲ့ကြောင်း၊ ရသည့် ငွေကြေးများကို စစ်ဘေး ဒုက္ခသည်များထံ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေပွဲ၌ ဓာတ်ပုံဆရာ ထိန်ဝင်း အပါအဝင် တခြားသော ဓာတ်ပုံဆရာများ၏ ဓာတ်ပုံများကိုလည်း ပြသခဲ့ပြီး ကချင် စစ်ဘေး ဒုက္ခသည် စခန်းများတွင် သွားရောက် ရိုက်ကူးထားသော ဓာတ်ပုံများကို လူအများအပြား စိတ်ဝင်တစားကြည့်ရှုကြသည်ဟု ပြပွဲကို သွားရောက်ကြည့်ရှုသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
“ဓာတ်ပုံတွေက ဒုက္ခသည် စခန်းထဲမှာ သွား၇ှိူက်တဲ့ဓာတ်ပုံတွေဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းတယ်၊ အချို့ဓာတ်ပုံတွေကို ကြည့်ပြီး မျက်ရည်ဝဲမိတယ်။ ဒုက္ခသည်တွေက အတော်ကို ဆင်းဆင်းရဲရဲ နေထိုင်စားသောက်နေရတာကို ပိုသိလာရတဲ့အတွက် ကိုယ် တတ်နိုင်သမျှ အကူအညီပေးဖို့ စဉ်းစားမိပါတယ်”ဟု ၎င်းက ဆိုသည်။
Save The War Victims ပွဲမှ ရရှိသော ငွေကြေးများကို တိုင်းရင်းသားလူငယ်များကိုယ်တိုင် ကချင်ဒုက္ခသည်စခန်းများအထိ သွားရောက် ကူညီထောက်ပံ့မှုများပြုလုပ်မည်ဟု သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် ဇွန်လမှစတင် ဖြစ်ပွားသော ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံ အရပ်သားများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။