မြန်မာနိုင်ငံ ပညာရေးစနစ် အဆင့် မြှင့်တင်ရေးအတွက် လွှတ်တော်အတွင်းသို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ အများအပြား ရောက်ရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့တွင် ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်စုစုလွင်၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးစဉ် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
“လမ်းမှာ ဆိုလို့ရှိရင်လည်း ကျမ ကလေးလေးတွေ အများကြီး တွေ့ခဲ့ပါတယ်။ ဒီကလေးလေးတွေ အများကြီးကို ကျမတို့ ပြုစု ပျိုးထောင်ရမယ်။ ပညာတတ်အောင် လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်စုစုလွင်သည် ပညာရေးနှင့် ပတ်သက်၍ ကျွမ်းကျင်ပြီး လူငယ်တို့၏ အနာဂတ်အတွက် သင့်လျော်ကောင်းမွန်မည့် လုပ်ငန်းများကို ဖော်ဆောင်ပေးနိုင်သူ ဖြစ်ခြင်းကြောင့် NLD ၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးခွမြို့ ဘုရင့်နောင် အားကစားကွင်းအနီးရှိ လယ်ကွင်းပြင် ဟောပြောပွဲသို့ တက်ရောက်လာသည့် ထောင်နှင့်ချီသော ဒေသခံများကို ပြောပြသည်။
ဒေါ်စုစုလွင်သည် ကွယ်လွန်သူ NLD ဝါရင့်ခေါင်းဆောင် ဦးလွင်၏ သမီး ဖြစ်သည်။ သုံးခွ မဲဆန္ဒနယ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးလွင် အနိုင်ရခဲ့သည့် နယ်မြေလည်း ဖြစ်သည်။
NLD က ၄၈ နေရာသာ လစ်လပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ရခြင်းအကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ရှင်းလင်းခဲ့သည်။
“ကေသရာဇာခြင်္သေမင်း ဆိုတာ သားကောင်ကို အကြီးကြီးပဲ ဖြစ်စေ၊ အငယ်လေးပဲဖြစ်စေ တူသော လုံ့လ ဝိရိယနဲ့ လိုက်တယ်၊ ဒီအတိုင်းပဲ ကျမတို့ဟာ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချက်ချပြီးမှ ရွေးကောက်ပွဲ အကြီးကြီးပဲဖြစ်ဖြစ် သေးသေးလေးပဲဖြစ်ဖြစ် ကျမတို့ နိုင်အောင်လို့ ဝင်တာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မသမာသော၊ တရားနည်းလမ်းမကျသော မဲဆွယ်မှုများ ရှိတတ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။
“ခြောက်ပြီးတော့ မဲတောင်းလို့ ရှိရင်လည်း လုံး၀ မကြောက်ပါနဲ့။ မဲပေးတဲ့အခါ ဘယ်ပုံးထဲကို ကိုယ်ထည့်တယ် ဆိုတာ ဘယ်သူမှ တကယ်တော့ မသိနိုင်ပါဘူး။ အဲဒီတော့ ခြောက်လို့ရှိရင်လည်း ကြောက်ချင်ယောင်ဆောင်ရင်လည်း ဆောင်လိုက်။ မဲပေးတာ ဒေါ်စုစုလွင်ကိုပဲ ပေးပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွမြို့ ဟောပြောပွဲသို့ အနီးဝန်းကျင်မဲဆန္ဒနယ်များမှ ဒေသခံ အများအပြား လာရောက်ကြသည်ကို တွေ့ရသည်။