မြန်မာပြည်တွင်း၌ လက်ရှိ ချင်းပြည်နယ်နေ့ အဖြစ် ကျင်းပနေရသည့် နှစ်စဉ် ဖေဖော်ဝါရီလ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အနေနှင့် သတ်မှတ် ကျင်းပခွင့်ပြုရန်ချင်းအမျိုးသားပါတီ (CNP)၏ အဆိုကို ပြည်နယ် လွှတ်တော်က ပယ်ချလိုက်သည်။
ချင်း ပြည်နယ် ဟားခါးမြို့တွင် ဖေဖော်ဝါရီ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသော တတိယ အကြိမ်မြောက် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ရေးရာ ကော်မတီက လွှတ်တော်အတွင်း ဆွေးနွေးခွင့်မပေးဘဲ ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း CNP ပါတီ က ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ် CNP အမတ် ဦးလဲလ်မားကျုံး တင်ပြခဲ့သည့် ချင်းအမျိုးသားနေ့ ကျင်းပခွင့်ပြုရေး အဆို အပါအဝင် အဆို ၇ ခုစလုံးကို ပယ်ချခဲ့ကြောင်း CNP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက ပြောပြ သည်။
“ဦးလဲလ်မောင်းကျုံးက ချင်းအမျိုးသားနေ့ကျင်းပခွင့်အဆို အပါအဝင် အချက်ပေါင်း ၁၃ ချက်ကို အဆိုရော မေးခွန်းရော တင်ထား တယ်။ အဲဒီအထဲက အဆိုတွေအားလုံး ပယ်ဖျက်ခံရပြီးတော့ မွေးခွန်းတွေပဲ ကျန်တယ်”ဟု သူက ဧရာဝတီကို ပြောသည်။
ဒုတိယ အကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း ချင်းအမျိုးသားနေ့ ကျင်းပခွင့်ပေးရန် CNP က တင်ပြခဲ့ရာ ၁၅ ရက် ကြို၍ လွှတ်တော်သို့ မတင်ပြသောကြောင့်ဟုဆိုကာ ယင်းအဆိုကို ဆိုင်းငံ့ထားခဲ့သည်။
ချင်းပြည်နယ် လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ်၂၄ ဦး ရှိပြီး စစ်တပ်မှ ၆ ဦး၊ ကြံ့ခိုင်ရေးပါတီက ၈ ဦး ရှိပြီး CNP နှင့် ချင်း တိုးတက်ရေးပါတီ(CPP) တို့က ၅ ဦးစီ နေရာယူထားသည်။
ချင်းအမျိုးသားနေ့ ကျင်းပခွင့်ရရေးအတွက် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် ထပ်မံကြိုးပမ်းသွားမည်ဖြစ်ပြီး ထိုမှတ ဆင့် ပြည်ထောင်စု လွှတ်တော်အထိ တင်ပြသွားမည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအို ဘစ်ခ်ထောင်း က ပြော သည်။
“ဒီချင်းအမျိုးသားနေ့က တို့တာဝန် အရေးသုံးပါး ပြည်ထောင်စု မပြိုကွဲရေးကို ဘာများ ထိခိုက်စေလို့လဲဗျာ။ ချင်းအမျိုးသားနေ့ကို ကျင်းပခွင့်ပြုခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုက ပိုပြီးအားကောင်းစေမယ် မဟုတ်ဘူးလား”ဟု သူက ဆိုသည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် ချင်းမျိုးနွယ်ပေါင်းစုံမှ ခေါင်းဆောင် ၅၀၀၀ ခန့်စုဝေးကာ
မြေရှင်ပဒေသရာဇ် စနစ်အစား ဒီမိုကရေစီ နည်းလမ်းအရ ပြည်သူက ရွေးကောက်တင်မြှောက်သောခေါင်းဆောင်ဖြင့် အုပ်ချုပ် သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးရန် သဘောတူညီခဲ့ကြပြီး ထိုနေ့ကိုပင် ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရ သည်။
၁၉၅၁ ခုနှစ်က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ပထမဆုံး ချင်းအမျိုးသားနေ့ကျင်းပခဲ့ရာ ထိုစဉ်က ဖဆပလ အစိုးရဝန်ကြီး ချုပ် ဦးနု ကိုယ်တိုင် တက်ရောက်ခဲ့သည်။
ချင်းပြည်နယ်နေ့မှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချင်းဝိသေသတိုင်းအား ချင်းပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ခေတ်ကစတင်၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် ကျင်းပရန် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
“ချင်းအမျိုးသားနေ့ဟာ ဒီမိုကရေစီကို ချင်းပြည်သူလူထုက ရွေးချယ်တဲ့နေ့ဆိုတော့ ဒီနေ့ကိုတော့ ကျနော်တို့ ချင်းရဲ့နေ့ထူးနေ့မြတ် အဖြစ်နဲ့ ထားချင်ပါတယ်။ ချင်းအမျိုးသားနေ့ နာမည်နဲ့ပဲ ကျင်းပခွင့် ရချင်ပါတယ်”ဟု ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက ပြောသည်။
CNP ပါတီ၏ ပယ်ချခံခဲ့ရသည့် အဆိုများထဲတွင် ချင်းပြည်နယ်၌ မရှိမဖြစ်လိုအပ်နေသည့် လေယာဉ်ကွင်းနှင့် တက္ကသိုလ်တခု တည်ဆောက်ပေး ရေးအတွက် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရတို့က ပြည်ထောင်စု အစိုးရထံ တင်ပြပေးရန်အဆိုလည်း ပါဝင်သည်။
လက်ရှိတွင် ချင်းပြည်နယ်၌ လေယာဉ်ကွင်းနှင့် တက္ကသိုလ်တခုမျှ မရှိသောကြောင့် ချင်းပြည်နယ်မှ လူငယ်များမှာ တက္ကသိုလ် ပညာ ကို ကလေး၊ ပခုက္ကူ ၊ စစ်တွေ၊ မကွေး၊ မုံရွာ၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ သွားရောက် သင်ယူနေရသည်ဟု ဆလိုင်း ကျဲအိုဘိခ်ထောင်း က ပြောဆိုသည်။