ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဝန်ထမ်း ၈၄ ဦးက ဌာနအကြီးအကဲ တဦး၏ ရိုင်းပျစွာ ပြောဆိုဆက်ဆံမှုနှင့်အာဏာသုံး အလုပ်ရွှေ့ပြောင်း မှုများကို မကျေနပ်သည့် အတွက် ဝန်ကြီးဦးသိန်းထွန်း ထံသို့ ယမန်နေ့က စုပေါင်း လက်မှတ်ရေးထိုး တိုင်ကြား ထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရတနာပုံတယ်လီပို့မှ Project Development Department (PDD) ဌာနကြီးမှူး ဦးမျိုးညွန့်အောင်သည် ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်း ၁၇ ဦးအား Solar ဌာနသို့ ကြိုတင်အသိမပေးဘဲ ပြောင်းရွှေ့ပစ်သည့်အပြင် ဝန်ထမ်းများအား ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ ဝန်ထမ်းများ၏ ပညာရေးဘွဲ့များနှင့်ပတ်သက်၍ ပုတ်ခတ်ပြောဆိုခြင်းတို့ကို မကျေမနပ်၍ စုပေါင်းတိုင်ကြားခြင်းဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“ဝန်ထမ်းတိုင်းကို ဆဲဆိုတယ်၊ မထေမဲ့မြင် ဆက်ဆံတယ်။ အမျိုးသမီးဝန်ထမ်းတွေကို ကာယအိန္ဒြေပျက်အောင် ပြောဆိုတာတွေ အမြဲတမ်းလုပ်တယ်။ ကျမတို့က အဲဒီလုပ်တာကို မခံနိုင်ဘူး၊ ဒါကြောင့်အထက်ကို တိုင်ရတာ” ဟု ၎င်းက ဆိုသည်။
တိုင်ကြားစာကို ရတနာပုံတယ်လီပို့ အမှုဆောင်အရာရှိချုပ်ထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိပြီး ဝန်ထမ်းအများစုမှာ ဌာနကြီးမှူး ဦးမျိုးညွန့်အောင်၏ လုပ်ငန်းသဘောတရား နားမလည်ခြင်း၊ ဆက်ဆံရေး ပြေပြစ်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းခွင်တွင် စိတ်ဓာတ်များ ပျက်ပြားကျဆင်းနေကြောင်း အဆိုပါ ဝန်ထမ်းအမျိုးသမီးက ဆက်ပြောသည်။
PDD ဌာနကြီးမှူး ဦးမျိုးညွန့်အောင်သည် ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး (ကက ဆက်) မှ ဒု ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများက ဦးမျိုးညွန့်အောင်ကို အရေးယူပေးရန် လိုလားလျက်ရှိပြီး အရေးယူမှုမရှိလှျှင် ဝန်ထမ်းများအနေဖြင့် လက်ရှိအလုပ်မှ နုတ်ထွက်မည်ဟု ညှိနှိုင်းထားကြောင်း တခြားသော ဝန်ထမ်းတဦးကလည်း ပြောသည်။
ရတနာပုံတယ်လီပို့ကုမ္ပဏီသည် မြန်မာဆက်သွယ်ရေးနှင့် Bagan Net ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ အိုင်တီကုမ္ပဏီများကိုလည်း အစုရှယ်ယာများကို ထည့်ဝင်စေပြီး ဖွဲ့စည်းထားကြောင်း၊ လက်ရှိ ကုမ္ပဏီ ဥက္ကဋ္ဌမှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထွန်းဖြစ်ကြောင်း သိရသည်။