Facebook မှာ ထူးခြားတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုကလစ်တခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြန့်နေကြပါတယ်။
အဲ့ဒါကတော့ CNN သတင်းဌာနကမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ တင်ပြထားတဲ့ ၃ မိနစ်စာ ရုပ်သံသတင်း တပုဒ်ပါ။ လွှတ်တော်မြင်ကွင်းတွေ ပါဝင်တဲ့ အဲ့ဒီသတင်းအတွက် Facebook သုံးသူများ ပေးထားတဲ့ ခေါင်းစဉ်ကတော့ အိပ်ကြမယ်၊ ဟောက်ကြမယ် ဆိုပဲ။
ကမ္ဘာ့ ရှားပါး ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ မိုးကျရွှေကိုယ် တမတ်သား လွှတ်တော်အမတ်များ ဖြစ်တဲ့ စစ်အရာရှိတချို့ လွှတ်တော်ထဲမှာ ပီပီပြင်ပြင် အိပ်မောကျနေကြတာကို ရုပ်သံမှာ တွေ့လိုက်ရပါတယ်။
လွှတ်တော်ဆိုတာ နိုင်ငံရဲ့ အဓိကကျတဲ့နေရာပါ။ တပ်မတော်ဟာ အနာဂတ် နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာ အဓိက နေရာက ပါဝင်မယ် ဆိုပြီး နှစ်ပေါင်းများစွာ တဖွဖွ ကြွေးကြော်လာတာ အခုတော့ အဓိကကျတဲ့နေရာမှာ လာပြီး အိပ်နေကြပါရောလား။ အင်း … ဒီလိုအိပ်နိုင်ဖို့အတွက် အခြေခံဥပဒေထဲ ထည့်ဆွဲနိုင်တာဟာ တပ်မတော်ရဲ့ အရည်အချင်းလို့ ဆိုရမှာပေါ့။
အများစုကတော့ အရည်အချင်းလို့ မမြင်ကြပါဘူး။ ဒီရုပ်သံဖိုင်ကို Facebook မှာ ကြည့်ရသူများဆီက အပြစ်တင်သံ မိုးလုံးညံခဲ့ပါတော့တယ်။
“မြန်မာပြည်ကြီး စီမံခန့်ခွဲမှု ကောင်းမကောင်း ဆိုတာ တကယ့် တိုင်းပြည်ရဲ့ အထွတ်အထိပ် လွှတ်တော်ကြီးကို ခဏလေး မြင်လိုက်ရတဲ့ စီအန်အန်(CNN) သတင်းတိုလေးကတင် ဆုံးဖြတ်ပြသွားတယ် ထင်ပါရဲ့။ အိပ်ပျော်နေတဲ့ တပ်မတော်သားအမတ်တွေက ကျနော့အတွက် ရယ်စရာ မကောင်းဘဲ ဝမ်းနည်းစရာ ကောင်းပါတော့တယ်” ဆိုပြီး ဒါရိုက်တာ ချိူတူးဇော်ကတော့ သူ့ရဲ့ Facebook စာမျက်နှာထက်မှာ ရေးထားပါတယ်။
ရုပ်သံမှာ ထူးခြားမှုတခု ပါပါသေးတယ်။ ဝန်ကြီး ဦးကျော်ဆန်းရဲ့ မြန်မာဘာသာနဲ့ ပြောဆိုချက်ပါ။ “ကျနော်တို့အစိုးရက ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရဖြစ်ပါတယ်” တဲ့။
သူ့စကားကိုတော့ Facebook ပရိသတ်တွေ ဝိုင်းဝန်းပြီး ဘယ်လိုမှတ်ချက်ပြုကြလိမ့်မလဲ ဆိုတာကတော့ မစပ်စု ပြောနေဖို့ မလိုတော့ဘူး ထင်ပါတယ်။
ကဲ … ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာပါ ဆိုတဲ့ အစိုးရရဲ့ ဘက်တော်သားများထဲက နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ယူထားရတဲ့ လွှတ်တော်အမတ် ဗိုလ်မှူးကြီးများလည်း တိုင်းပြည်အရေး၊ နိုင်ငံအရေးအတွက် အိပ်ရေး၀၀ အိပ်ပြီး စဉ်းစားပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။
မန္တလေးလူငယ်
မန္တလေးက လူငယ်တွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အချိန်ပေး လုပ်ဆောင်လာနေကြတယ်လို့ သိရပါတယ်။
လတ်တလောမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး၊ မန္တလေးကို မကြာခင် လာရောက်မယ့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်ရေးတို့အတွက် လုပ်ကိုင်နေကြသူတွေ ရှိပါတယ်။
အရင်က Facebook မှာ ကိုယ်ရေး ကိုယ်တာတွေ ဦးစားပေးလာသူတွေလည်း အခုဆိုရင် နိုင်ငံရေးစာပေတွေ၊ နိုင်ငံရေးဆိုင်ရာ သတင်းတွေဘက် လှည့်လာပါပြီ။
“လူငယ်တွေ မျက်စိပွင့်လာတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားပြီး ကိုယ်တိုင် ပါဝင်လာတာပေါ့” လို့ မန္တလေးမြို့နေ စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။
လက်ကိုင်ဖုန်း သုံးတဲ့ လူငယ်တချို့ရဲ့ ဖုန်းမြည်သံ(Ring tone) တွေကလည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း၊ ကျောင်းသားသမဂ္ဂသီချင်း၊ NLD သီချင်း စတဲ့ နိုင်ငံရေးသီချင်းတွေ ဖြစ်လာနေပါပြီ။
လူငယ်စာဖတ်ဝိုင်း၊ စာကြည့်တိုက်၊ စာပေဟောပြောပွဲများမှာ အချိန်ပေးတဲ့ လူငယ်များလည်း ရှိနေပါတယ်လို့ ဆူးငှက်က ပြောပြပါတယ်။
“အင်မတန်ကောင်းတဲ့ အလားအလာပါ၊ လူငယ် သဘာဝအရ အသစ်ကို စွန့်စား လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်က ရှိတယ်။ အရင်က ကောင်းတဲ့ အလုပ်တွေကို လုပ်ဖို့ ပိတ်ဆို့ခံထားရတာကိုး။ ဒီလို ကောင်းတဲ့အလုပ်တွေ လုပ်ဆောင့်ခွင့် မရတဲ့အခါမှာ မကောင်းတဲ့ဘက်ကို စွန့်စား လုပ်ဆောင်ချင်တဲ့အပိုင်းတွေ ဖြစ်ကုန်တယ်။ တကယ်တော့ လူငယ်တွေမှာ ကောင်းဖို့ လုပ်ချင်တဲ့စိတ်ဓာတ်က ရှိပြီးသားပါ” လို့ ဆရာဆူးငှက်က ဆိုလိုက်ပါတယ်။
ကဲ … ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားအတိုင်း အနာဂတ်အတွက် ခေါင်းဆောင် လူငယ်တွေရဲ့ နိုင်ငံရေးအမြင် ကြွယ်ဝလာနိုင်မှုဟာ ဘယ်လောက် အတိုင်းအတာ အထိ အားကောင်းလာမလဲ လို့ စောင့်ကြည့်ရင်း..။