ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများက ယနေ့တွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းလိုက်သည်။
အလုပ်သမား အခွင့်အရေးကိုကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင်စည်းရုံး၍ စုစည်းခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ(တိုင်ရီ ဖိနပ်စက်ရုံ)ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။

“အလုပ်သမားတွေ ကိုယ့်အခွင့်ရေး ကိုယ်ပိုသိလာစေဖို့အတွက် လွန်ခဲ့တဲ့ တလလောက်ကတည်းက အလုပ်သမား သမဂ္ဂဖွဲ့ရေးကို ဆွေးနွေးခဲ့ကြတာပါ”ဟု တိုင်ရီ စက်ရုံမှ ဆန္ဒပြ အလုပ်သမား တဦးဖြစ်သည့် ကိုသန်းက ဧရာဝတီသို့ ပြောပြသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ထွက်ရှိပြီးနောက် တိုင်ရီ အလုပ်သမား သမဂ္ဂ အဖွဲ့မှာ ပထမဆုံး အဖွဲ့ ဖြစ်သည်။
ယမန်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် တိုင်ရီ ဆန္ဒပြအလုပ်သမားများက သတင်းစာရှင်းလင်းပွဲတရပ် ကျင်း ပပြီး အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးအတွက် အလုပ်သမားများထံမှ သဘောတူ လက်မှတ် စုစည်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
တိုင်ရီ စက်ရုံ၌ အလုပ်သမား ၁၈၀၀ ခန့်ရှိရာ ယနေ့တွင် ထက်ဝက်ခန့် လုပ်ငန်းခွင် ပြန်လည်ဝင်နေပြီး ကျန်အလုပ်သမားများ က ရပိုင်ခွင့်များအတွက် ဆက်လက်၍ ဆန္ဒပြနေဆဲဖြစ်သည်။
ဆန္ဒပြ အလုပ်သမားများက ပြီးခဲ့သည့် အပတ်အတွင်း အလုပ်သမား ပြဿနာ ဖြေရှင်းရေး ဝါဏိဇ္ဇ ပဋိပက္ခ ခုံရုံးသို့ လျှောက်ထား တိုင်ကြားခဲ့ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်ဟုလည်း ပြောသည်။
ဝါဏိဇ္ဇ ပဋိပက္ခ အလုပ်သမားပြဿနာ ဖြေရှင်းရေး ခုံရုံးသို့ ဆန္ဒပြ အလုပ်သမား ၁၂၀၀ ကျော်တို့က စုပေါင်းလက်မှတ်ရေးထိုးပြီး အလုပ်ရှင်ဘက်မှ ဖြေရှင်းပေးရန် အချက် ၁၇ ချက်ပါတောင်းဆိုချက်ကို တင်ပြထားသည်။
အလုပ်သမားများက အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုထားရာ အလုပ်ရှင်ဘက်က ၁၀၀ ကျပ် သတ်မှတ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောဆိုခဲ့သည်။
သို့သော် ရက်မှန်ကြေးကို ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ တိုးပေးရန် တောင်းဆိုရာတွင် အလုပ်ရှင်ဘက်က ရက်မှန်ကြေး ၇၀၀၀ ကျပ် သတ်မှတ်မည်ဟုဆိုကြောင်း သိရှိရသည်။
လွန်ခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ ၁၀ ရက်တာ စက်ရုံပိတ်ပြီးနောက် လုပ်ခ လစာ ထုတ်ပေး ရာ၌ လစာ ကျပ် ၁ သောင်းကျော်ဖြတ်တောက်ခံရခြင်းမှ အစပြုကာ အလုပ်သမားများက လုပ်ခလစာအပြည့် အဝရရှိရန် နှင့် အလုပ်သမား ရပိုင်ခွင့် တောင်းဆို ဆန္ဒပြမှုကို ဖေဖော်ဝါရီလဆန်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် ၁၉၉၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခနှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် စက်ရုံလည်း ဖြစ်သည်။
ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။