ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က လုပ်ကိုင်နေသော လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်းအပါ အဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များတွင် ယာယီ ရပ်နားလိုက်ကြောင်း သိရသည်။
ထိုလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်သည်ဟု ပြောဆိုထင်မြင် မခံရစေရန် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို လေးစား လိုက်နာသောအားဖြင့် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူတဦး က ပြောသည်။
“ကြားဖြတ် ရွေးကောက်ပွဲကာလ နီးကပ်လာလို့ ဒီလုပ်ငန်းတွေ ခဏရပ်လိုက်တာပါ။ ပြည်သူတွေကို မဲဆွယ်တယ်၊ မဲဝယ်တယ်လို့
ပြောမှာတွေရယ် ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးလျှင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စရိတ် ကျပ် သိန်း ၁၀၀ အထက် မသုံးရန် ပြဋ္ဌာန်းထားသည်။
“လမ်းခင်းတာတို့လို ဖွံ့ဖြိုးရေးလုပ်ငန်းတွေက ပါတီကနေ အကုန်အကျခံပြီး လုပ်ပေးတာပါ။ ပါတီကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ က သိန်း ရာထောင်ချီကုန်တယ်။ ဥပဒေအရ အများပြောစရာ ဖြစ်မှာစိုးတာကြောင့် လူကြီးတွေက လုပ်ငန်းတွေခဏရပ်ထားဖို့ ညွှန်
ကြားတယ်”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူက ဆက်ပြောသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ် စားလှယ် အနိုင်ရရှိလျှင် လမ်းခင်းပေးမည်၊ အိမ် ဂရန်ထုတ်ပေးမည်၊ ငွေကြေး ဆုချမည်၊ လျှပ်စစ်မီး သွယ်တန်း ပေးမည်ဟု အစရှိ
သော မက်လုံးများပေးကာ မဲဆန္ဒရှင် ပြည်သူများကို မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။
ကြံ့ခိုင်ရေး ပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ ချထားပေးမည် ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမဝင် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက်အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး အိမ်အရောင်းအဝယ်စာချုပ်၊အိမ်ထောင် စု စာရင်း၊ အိမ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်အပါအဝင် လိုအပ်သောအချက်အလက် စာရွက်စာတမ်းများကို တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြကြောင်း ဒေသခံများက ပြောဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲရယူခြင်း များ အပါအဝင် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ကြသည်။
ယခင်ပြည်သူပိုင် အဆောက်အအုံ၊ လုပ်ငန်းများကို ပါတီပိုင်အဖြစ် သိမ်းယူ ထားကြောင်း၊ လမ်းခင်းခြင်းကဲ့သို့သော လုပ်ငန်းများကိုလည်း နိုင်ငံပိုင် ဘဏ္ဍာ ငွေကြေးများနှင့် လုပ်ကိုင်ခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီကြီးတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံပိုင်၊ ပြည်သူပိုင် ငွေကြေး၊ အဆောက်အအုံနှင့် ပစ္စည်းများကို ရယူသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ကြံ့ခိုင်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ပါတီက ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုနေသော ငွေကြေးများသည် ပါတီပိုင် လုပ်ငန်းများနှင့် လုပ်ငန်းရှင်များထံမှ ရရှိသော ငွေကြေးများဖြစ်သည်ဟု၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်း သတင်း မီဒီယာ တချို့နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ကြံ့ခိုင်ရေး ပါတီသည် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။