ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ၇၀ ရပ်ကွက် အတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ရရှိရေး လှုံ့ဆော်သူ ၁၁ ဦးကို ဒေသ အာဏာ ပိုင်များက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုခဲ့ကြောင်း သတင်းရရှိသည်။
“နောင်ဒါမျိုး မလုပ်ပါဘူးဆိုပြီး ဝန်ခံကတိထိုးခိုင်းတယ်။ ကျနော်တို့က မထိုးနိုင်ဘူးပေါ့။ နောက်မှ မြို့နယ်မှူးနဲ့ စခန်းမှူးရောက်လာ တော့ ဒါက လုပ်ခွင့်တင်ပြီးမှ လုပ်ရမယ်ပြောတာ၊ နိုင်ငံသားတယောက်အနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုပိုင်ခွင့်ရှိတယ် ဆိုတာ ပြောတော့ နောက်ပိုင်း ဒီအတိုင်း ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု လှုပ်ရှားမှု ဦးဆောင်သည့် ကိုထင်ကျော်က ပြောသည်။

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော်သည်“ကုန်ဈေးနှုန်းများ ကျဆင်းရေး၊ တန်ဖိုးနည်းဖုန်း သုံးခွင့်ပေး”ဟူသော စာ သားများပါရှိသည့် စာရွက်များ ဝေငှခြင်း၊ လှုံ့ဆော်ဟောပြောခြင်းများကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် လှိုင်သာ ယာမြို့နယ်များတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
“၅၀၀၀ တန် ဖုန်းရယ်လို့ မဟုတ်ဘူးပေါ့ဗျာ။ ဒီထက်နည်းရင်လည်း ကျနော်တို့ ပြည်သူအတွက် အကျိုးရှိပါတယ်။ နိုင်ငံတော် အခွန် လည်း ရမယ်။ ပြည်သူလူထုလည်း ကုန်ဈေးနှုန်းကျဆင်းရေးမှာ အထောက်အပံ့ဖြစ်တဲ့အတွက် ဒီ ၅၀၀၀ တန်ဖုန်းကို မရမချင်း
တောင်းဆိုသွားမယ်လို့ ကျနော်တို့က ဆုံးဖြတ်ချက်ချထားပါတယ်”ဟု ကိုထင်ကျော်က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅၀၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ်များ ဖြန့်ဝေနိုင်ရန် ကြိုးပမ်း ခဲ့သည်။
သို့သော် တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုမရှိခြင်းနှင့် ဆက်သွယ်မှုကွန်ရက်ကို အချိန်ယူ တည်ဆောက်ရန် လိုအပ်မှုများ ရှိနေခြင်း ကြောင့် ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ် ဖြစ်နိုင်ခြေမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။
၅၀၀၀ တန်ဖုန်းများ ရောင်းချနိုင်ရေးအတွက် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆက်လက်ကြိုးပမ်းမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ထပ်မံ ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ၅၀၀၀ တန် ဖုန်းရရှိရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
ကိုထင်ကျော်က“တခြား နိုင်ငံတွေမှာ ဖုန်းက ဗမာငွေနဲ့ ၁၀၀၀ ကျော်ကျော်လောက်နဲ့ ဖုန်းပြောခွင့်ရနေတာကို ကျနော်တို့နိုင်ငံက ဘာကြောင့်မို့ မဖြစ်နိုင်ရတာလည်းဆိုတာကို အစိုးရက ရှင်းရှင်းလင်းလင်း မထုတ်ပြန်ဘူး။ အစိုးရရဲ့အကြောင်းပြချက်က မခိုင်လုံ ဘူး။
စကားပြော ဆက်သွယ်ခွင့်တွေက ကျနော်တို့ ပြည်သူတွေ အသိဉာဏ်ဖွံ့ဖြိုးမှုအပေါ်မှာ အများကြီး အထောက်အပံ့ပေးပါတယ်”ဟု ဆိုသည်။
ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC၂၀ တန် GSM မိုဘိုင်းဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့သည်။
၂၀၁၀ ပြည့် ဒီဇင်ဘာလမှစ၍ FEC၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကို လုံးဝရပ်ဆိုင်းခဲ့သော်လည်း မကြာခင်ကမူ ပြန်လည် ရောင်းချပေးခဲ့သည်။ အဆိုပါ တခါသုံးဖုန်းများကို လွတ်လပ်စွာ ဝယ်ယူရနိုင်သော်လည်း ဖုန်းခေါ်ဆိုခနှုန်းထား မြင့်မားမှုနှင့် ဝယ်ယူ သည့် ကတ်အလိုက် ဖုန်းနံပါတ်များ ပြောင်းလဲနေသောကြောင့် သုံးစွဲသူများအကြား ရေပန်းစားမှု မရှိပေ။
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း စနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင် သုံးစွဲခဲ့ကာ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။
WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့သည်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့် ပြုခဲ့သည်။
လက်ရှိတွင် GSM ဆက်သွယ်ရေး ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၀၊ CDMA 800 Mhz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင် အထိ GSM ဖုန်း ၅၀၀၀၀ ကျော် ၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း၂၀၀၃၈ လုံး၊ WCDMA တယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။