၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။
“သူကလည်း လူမှုရေး ဝါသနာပါတယ်၊ သူ့မှာ ဘာမှမရှိတော့ဘူး၊ အကုန်အသိမ်းခံလိုက်ရတယ်၊ သူအကျဉ်းကျနေတုန်းက သစ်ခွ စိုက်ပြီးတော့ ရုန်းကန်ခဲ့ရတယ်၊ ဒီလို ပုဂ္ဂိုလ် တယောက်က ဒီလိုမျိုး ရုန်းကန်နေရတာ မသင့်တော်ဘူးဆိုပြီး ကူညီနိုင် သလောက် ကူညီပေးဖို့ သဘောပါ”ဟု ဦးခင်ရွှေ က ဧရာဝတီကို ပြောဆိုသည်။
ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊ ဦးခင်ညွှန့်သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျေးဇူးပြန်ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌ ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်ကိုယ်တိုင်လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင် ၍ ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလိုကူညီပေးတဲ့ အတွက် လစာဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး၊ သူလို အပ်တာမှန်သမျှကို ဝိုင်း လုပ်ပေး သွားဖို့ ရှိတယ်၊ ဆရာသမား တယောက်ကို ပြန် ကျေးဇူးပြုတာပါ၊ ဗမာ့ ထုံးတမ်းအရပေါ့လေ၊ အတိုင်းအတာနဲ့ ပြော လို့မရပါဘူး”ဟု ဦးခင်ရွှေက ဆက်ပြောသည်။
ဦးခင်ညွှန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း၌ နာယက အဖြစ် ခန့်အပ်၍ တလလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်ရွှေ က ငြင်းဆိုသည်။
ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှှုငွေ ကျပ်သိန်း ၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည် တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော် တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊ အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းဖမ်းဆီးခံရပြီးနောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ဦးခင်ညွန့်သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။
ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး နိုင်ငံရေး လှှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။
ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအဝင် ယခင် နဝတ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေသိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန်
ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသည့်အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ လယ်သမား ၇၀ ဝန်းကျင်က တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီ ကို ပြောဆိုထားသည်။