တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဝင်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုလိုက်သည်။
“ဒီမိုကရေစီပြောင်းလဲရေးမှာ တပ်မတော်ပါဝင်ရမယ်၊ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှလက်နက်နဲ့ အာဏာမသိမ်းနိုင်အောင် ကာ ကွယ်စောင့်ရှောက်သင့်တယ်၊ အာဏာမှာဝင်ရောက်ပါဝင်ခြင်းဟာ တပ်မတော်အခန်းကဏ္ဍကို မှေးမှိန်စေတယ်”ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရောက်သော ဦးဖြိုးမင်းသိန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်သည် တပ်မ ၁၁ အပါအဝင်၊ တပ်ရင်းတပ်ဖွဲ့ ၃၆ ဖွဲ့ခန့်ရှိပြီး မင်းကုန်းတွင် တပ်မတော် လေ့ကျင်ရေးကျောင်းနှင့် ဖောင်ကြီးတွင် ဗဟိုဝန်ထမ်းလေ့ကျင့် ရေးကျောင်း အခြေစိုက်ရာ ဒေသဖြစ်သည်။
လက်ရှိအခြေအနေတွင် တပ်မတော်သားအများစု၏ ဘဝမှာ ဆင်းရဲနွမ်းပါးကြောင်း၊ ၎င်းတို့ဘဝများကို အကာအကွယ် ပေးရန်လို ကြောင်း၊ မိမိတို့ အနိုင်ရလျှင် တပ်မတော်သားများနှင့် မိသားစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် အတတ်နိုင်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ဆိုသည်။
လှည်းကူးမြို့နယ် မဲပေးနိုင်သူ ဦးရေ ၁သိန်း ၃သောင်းခန့်ရှိရာတွင် အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများဖြစ်သော်လည်း အလုပ်လက်မဲ့နှုန်းထားမှာလည်း မြင့်မားနေသည့်အတွက် ဒေသတွင်း ဖွံဖြိုးရေးနှင့် ကျန်းမာရေး၊ ပညာရေး တိုးတက်စေရန်နှင့် ကရင်၊ ရှမ်း တိုင်းရင်းသားများလည်း များပြားသည့်အတွက် တိုင်းရင်းသားစည်းလုံးရေး တို့ကိုလည်း ဦးစားပေး လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးဖြိုးမင်းသိန်းနှင့် NLD ပါတီဝင်အင်အား ၄၀၀ ခန့်သည် မနက်ဖြန်မှ စတင်ကာ မတ်လ ၁၁ ရက်နေ့အထိ ဒေသတွင်းရှိ ရွာပေါင်း ၁၁၉ ရွာနှင့် ရပ်ကွက်ကြီး ၅ ရပ်ကွက်သို့လည်း ကားများဖြင့် လှည့်လည်ပြီး စည်းရုံးလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
လှည်းကူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ မြို့ခံတဦးဖြစ်သည့် ဒေါက်တာအောင်မြတ်သူ က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး“လှည်းကူးသားမှ လှည်းကူးကို ချစ်မည်”ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေးဆင်းနေသည်။
အလားတူ တပ်မ ၅၅ အခြေစိုက်ရာ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်
ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်သန်းငွေကလည်း တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အပြင် တပ်မတော်သားများ ၏ မိသားစုဘဝမြှင့်တင်ရေးမှာလည်း အရေးကြီးကြောင်း ပြောသည်။
“တပ်ထဲမှာ ပြောင်းလဲချင်တဲ့သူတွေ များတယ်၊ ကလောမှာလုပ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဆို ကြိုတင်မဲ ယူတဲ့သူတွေကသာ ကြံ့ဖွံ့ကရတာ၊ ကြိုတင်မဲယူမထားတဲ့ တပ်တွင်းမိသားစုတွေက ကြံ့ဖွံ့ကိုမပေးဘူး၊ တခြားအဖွဲ့ကိုပေးတယ်”ဟု ၎င်းက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများ ရယူခြင်းမရှိဘဲ သမာသမတ်ကျကျ ပြုလုပ်မည်ဆိုလှျှင် တပ်မတော်အတွင်းရှိ အများစုက NLD ပါတီကို မဲထည့်မည်ဖြစ်ကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်ပြောသည်။
ဒေါက်တာ ဒေါ်သန်းငွေ ဝင်ရောက်အရွေးခံမည့် ကလောမြို့နယ် မဲဆန္ဒနယ်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ လက်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင် သိန်း ၏ မဲဆန္ဒနယ်ဖြစ်သည်။
ကလောမြို့နယ် မဲဆန္ဒနယ်တွင် ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ဘော်ဆိုင်းမြို့ တို့ပါဝင်ပြီး ပအို့၊ ဓနု၊ ပလောင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်၍ ခြံစိုက်ပျိုးခြင်းနှင့် သနပ်ဖက် လုပ်ငန်းကို လုပ်ကိုင်သူများပြားသည်။
စိုက်ပျိုးရေးကိုသာ အဓိကထားရသည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် သဘာ၀ ထင်းရှူးတောများနှင့် တောတောင် များကို အမှီပြု လုပ်ကိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ တခြားသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် ဆန္ဒရှိကြောင်း၊ ကျန်း မာ ရေးနှင့် ပညာရေးကိုလည်း မြှင့်တင်လိုကြောင်း ဒေါက်တာ ဒေါ်သန်းငွေက ဆက်လက်ပြောသည်။
ဒေသခံများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်တွဲ၍ သိရှိကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘော်ဆိုင်းမှာဆို ဟိုးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို အိမ် တော်တော် များများမှာ တွေ့ရတယ်”ဟု ဒေါ်သန်းငွေက ပြော သည်။
ကလောမြို့နယ်တွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရမည့် ပါတီများမှာ ကြံ့ခိုင်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူပါတီနှင် ပအို့အမျိုးသားများ ပါတီ(PLO) တို့ဖြစ်သည်။
မနက်ဖြန် နံနက် ၈ နာရီခွဲ ခန့်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များတွင် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊ ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ ပြည်သူလူထု က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ ထမင်း၊ သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် လစ်လပ်နေရာ ၄၈ နေရာအားလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီကလည်း ထိုနေရာ အားလုံး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။