သမ္မတ ဦးသိန်းစိန်က မိမိတို့ အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများနှင့် ပျော့ပျောင်းသူများဟူ၍ အုပ်စုနှစ်စု ကွဲပြားနေကြောင်း ပြောဆိုနေမှုများ မဟုတ်မှန်ဟု လွှတ်တော်မှတဆင့် ယနေ့တိုင်းပြည်သို့ ပြောကြားသည့် အစိုးရတနှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်သည်။
“ဒီကနေ့ ကျနော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြားနေတာတွေကို သိရှိထားပါတယ်။ အပြုသဘောမဆောင်တဲ့ ကောလာဟလတွေလည်း ကြားသိနေရပါတယ်။ ကျနော်တို့အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
အစိုးရအဖွဲ့အတွင်း လူတဦးချင်းစီ၏ ဗီဇစရိုက်အပေါ်တွင် မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြင်းမှလွဲ၍ မူဝါဒများကို ယုံကြည်စွာ ဆောင်ရွက်နေကြကြောင်း၊ ဒီမိုကရေစီအဖွဲ့အစည်းအဖြစ် ပြောင်းလဲနေချိန်တွင် အစိုးရအနေဖြင့် ပိုမိုအားကောင်းပြီး စည်းလုံးညီညွတ်စွာဖြင့် အသွင်ကူးပြောင်းရေးကို စနစ်တကျဖော်ဆောင်ရန်လိုအပ်ကြောင်း၊ အစိုးရက ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲမှုများ ခိုင်မာရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
သမ္မတ မိန့်ခွန်းသည် အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအကြား ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ၊ ကျပ် ၅၀၀၀ တန် ဖုံးကဒ်များ ရရှိရေးကိစ္စတို့နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုမှုများ ထွက်ပေါ်ချိန်နှင့် တိုက်ဆိုင်နေသည်။
သမ္မတဦးသိန်းစိန်သည် ယမန်နှစ် ဧပြီလ ၁ ရက်နေ့ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား မိန့်ခွန်းပြီးနောက် ယခုသက်တမ်းတနှစ်ပြည့်တွင် ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စု လွှတ်တော်မှတဆင့် ပြည်သူလူထုသို့ မိန့်ခွန်းတိုက်ရိုက် ပြောကြားခြင်းဖြစ်သည်။
တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားများ၏ တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်ဆိုသည့် မျှော်မှန်းချက်မှာ အစိုးရသစ်၏ လိုလားချက်ဖြစ်ကြောင်း၊ အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ အရေးကြီးကြောင်း၊ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ ယုံကြည်မှုကို တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
“သေနတ်ကိုင်ခဲ့တဲ့ ကျနော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ဖို့ ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တဦးနှင့်တဦး အပြစ်ပြောဆိုနေခြင်းထက် နိုင်ငံရေးအရ ဆွေးနွေးရန်၊ ခိုင်မာသော ကတိကဝတ်များထားရှိကာ နှစ်ဖက်အပစ်အခတ် ရပ်စဲရန်လိုကြောင်း ဦးသိန်းစိန်က ပြောသည်။
ထာဝရငြိမ်းချမ်းရေးအတွက် ပြည်နယ်အဆင့်တွင် အပစ်အခတ်ရပ်စဲရေး၊ နှစ်ဘက်တပ်များ သဘောတူညီထားသည့် နေရာများတွင် နေထိုင်ရေး၊ ပြည်ထောင်စုအဆင့်တွင် ပြည်ထောင်စုမှ ခွဲမထွက်ရန်၊ ဖွံ့ဖြိုးရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပြီး လွှတ်တော်အတွင်း ရောက်ရှိပါက တခြားသော တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ တခုတည်းသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်၊ တတိယအဆင့်တွင် အစိုးရ အပါအဝင် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များ လွှတ်တော်ကြီးတွင် သဘောတူညီပြီး လက်မှတ်ရေးထိုးရန် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်က လက်ရှိ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် ကျပ် ၅၀၀၀ တန် မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနှင့်အညီ အကောင်းဆုံးနည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ လူတန်းစားတရပ် တိုးတက်ကြီးပွားရေးမဟုတ်ဘဲ မြန်မာ့လူဘောင် အဖွဲ့အစည်းတခုလုံး ဘက်စုံတိုးတက်ရေး ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဦးဆောင်တင်သွင်းပြီး ဗဟိုအစိုးရမှ ပယ်ချခဲ့သည့် ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍လည်း သမ္မတဦးသိန်းစိန်က လက်ရှိနိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေ၊ ပြည်ပကြွေးမြီ၊ ဘတ်ဂျက်လိုငွေစသော မက်ခရိုစီးပွားရေး အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အခြေအနေအချိန်အခါ သင့်လျင်သင့်သလို လစာ၊ စရိတ်များကို တိုးမြှင့်ပေးနိုင်အောင်လည်း ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။