ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျသော ထုတ်ပြန်ချက်များမရှိသေးကြောင်း ရန်ကုန် တိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောသည်။
လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများ ကောက်ခံ အနိုင်ယူ သည့် နည်းလမ်းအသုံးပြုမည့် အရိပ်အရောင်များ တွေ့မြင်နေရကြောင်း ၎င်းက ဆိုသည်။
“ကြိုတင်မဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းချက်တွေက ရှင်းလင်းမှုမရှိဘူး။ ကြိုတင်မဲပေးနိုင်တဲ့ အမျိုးအစား ခုနစ်မျိုး ရှိတယ်ဆိုတာရယ်၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီ
ကြိုတင်မဲ ကောက်ခံနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လောက်ပဲ ပါတယ်။ ကြိုတင်မဲ ကောက်ခံတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တိတိ ကျကျ ပြဋ္ဌာန်းချက်မရှိဘူး”ဟု ဒေါက်တာစောနိုင်က ရှင်းပြသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ကြိုတင်မဲပေးနိုင်သည်များမှာ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊
မဲဆန္ဒနယ်ပြင်ပ၌ တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ခရီးသွားမည့် သူများ အပါအဝင် အမျိုးအစားခုနစ်မျိုး အကျုံးဝင်သည်ဟု ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ၉ နာရီကျော်သည်အထိ တောင် ဥက္ကလာ ပ ရပ်ကွက် ကော်မရှင်ရုံးများတွင် ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း၊ တချို့ရပ်ကွက်များတွင် ကြိုတင်မဲ အရေအတွက်သည် မဲပေးနိုင်သောလူဦးရေ၏၂၀ ရာခိုင်နှုန်းထက် ကျော်သွားသည်ကို တွေ့ရှိရကြောင်း၊ ကြိုတင်မဲများ မှန်မှန်ကန်ကန် ဖြစ်စေရေး သည် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အလွန်အရေးကြီးကြောင်း ဒေါက်တာစောနိုင်က ဆိုသည်။
“ကြိုတင်မဲကို ဘယ်နေ့ကနေ ဘယ်နေ့ ဘယ်အချိန်အထိ နောက်ဆုံးပေးနိုင်မလဲ ဆိုတာ တရားဝင်ထုတ် ပြန်ရမယ်။ ကြိုတင်မဲ အများဆုံးပေးနိုင်မယ့် ရာခိုင်နှုန်းကိုသတ်မှတ်ပေးရမယ်။ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲအတွက် ၆ ရက်နေ့ည သန်းခေါင်ယံ အထိ ကြိုတင်မဲလက်ခံတယ်ဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု ၎င်းက ပြောသည်။
ဒေါက်တာ စောနိုင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
ရွေးကောက်ပွဲအပြီး မဲရေတွက်စဉ်က ဒေါက်တာ စောနိုင် အနိုင်ရရှိသော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အနိုင်၊ အရှုံး ရလဒ်ကြေညာချိန်၌ ရှုံးနိမ့်ကြောင်းကြေညာခဲ့ရာ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)မှ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက အနိုင်ရရှိခဲ့သည့် အငြင်းပွားဖွယ်ဖြစ်ရပ် ရှိခဲ့သည်။
ထိုအငြင်းပွားဖွယ် ဖြစ်ရပ်ကို မဲလိမ်မှု၊ မဲမသမာမှု အနေနှင့် ဒေါက်တာ စောနိုင်က ပြည်ပ မီဒီယာများမှတဆင့် အများပြည်သူ သိရှိနိုင်ရန် ထုတ်ဖော် ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကမူ ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပမည့် အချိန် နှစ်ရက်အလို အထိ
ကောက်ခံမည်ဖြစ်ပြီး ကြိုတင်မဲကောက်ခံသည့်လုပ်ငန်းများကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ စောင့်ကြည့်ခွင့် မရှိကြောင်း ဖေဖော်ဝါရီ၂၄ ရက်ထုတ် ဂလိုဘယ်ပို့စ် သတင်းဂျာနယ်နှင့်တွေ့ဆုံခန်းတွင် ပြောဆို ထားသည်။
ယင်းတွေ့ဆုံခန်းတွင်ပင် ဦးကိုကိုက၂၀၁၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိသည်ဆိုသော တိုင်ကြားချက်များသည် သတင်းမှားများအပေါ် အခြေခံထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် မဲရုံကိုယ်စားလှယ်ခန့်အပ်ရာတွင် နားလည်တတ်ကျွမ်း သူများကို ခန့်ထားသင့်ကြောင်း ပြောသည်။
“မဲရုံ ကိုယ်စားလှယ်တွေရဲ့ သတင်းအချက်အလက် မှားတဲ့အပေါ်မှာ သူတို့ကစောဒကတက်တဲ့အခါ အခုလိုလွဲတဲ့ အမှားတွေ ဖြစ် လာတာပေါ့။ မှန်တယ်၊ မမှန်ဘူး ဆိုတာ ပြည်သူ လူထု က မသိဘူး။ မီဒီယာမှာ သူတို့ ပြောလိုက်တာတွေက ပြန်ဖျက်လို့မရတော့ဘူး”ဟုလည်း ဦးကိုကို က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့သူ နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးကမူ မဲရုံတွင် မဲရေတွက်ပြီးသည်နှင့် အများပြည်သူကို ထုတ်ပြန်ပြောဆိုပြီး ရလဒ်ကို သက်ဆိုင်ရာမဲရုံတွင် တရားဝင်ကပ်ထားသင့်သည်ဟု အကြံပြုပြော ဆို သည်။
“၂၀၁၀ တုန်းက ရပ်ကွက်မဲရုံတွေမှာ ရေတွက်ပြီး မဲတွေကိုမြို့နယ်မှာ ပြန်ရေတယ်၊ ပြန်ပြင်တယ်။ နိုင်တဲ့သူက ရှုံး၊ ရှုံးတဲ့သူက နိုင်။ ဘယ်ကမှန်း မသိတဲ့ ကြိုတင်မဲတွေ ရောက်လာတာတွေ ဖြစ်ကုန် တယ်”ဟုလည်း ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မဲလိမ်မှု၊ မဲမသမာမှုများရှိပြီး ကြိုတင်မဲများနှင့် အနိုင်ယူခဲ့သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ရှုံးနိမ်ခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်လောင်း အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။