ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင် အမှုကို ယမန်နေ့ နေ့လည်ပိုင်းက ကြားနာခဲ့ရာ တရားခံပြ သက်သေများဖြစ်သောအင်းစိန် ထောင်ပိုင်ဟောင်းနှင့် လက်ရှိထောင်ပိုင်တို့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ခြင်းမရှိဟု ထွက်ဆိုသွားကြောင်း သတင်းရရှိသည်။
ထောင်ပိုင်နှစ်ဦးက ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်သို့ ရောက်ရှိလာပုံ၊ စစ်ဖက်ရေးရာ ထောက်လှမ်းရေးအဖွဲ့ (စရဖ) သို့ လွှဲပေးရပုံတို့ကို ရုံးတော်၌ အစစ်ခံ ထွက်ဆိုခဲ့ကြောင်း၊ ထွက်ဆိုချက်များအရ ပဒိုမန်းငြိမ်းမောင်သည် စစ်ကြောရေး၌ ရက် ၂၀ ကြာ အစစ်ဆေးခံခဲ့ရမှု ပေါ်ပေါက်ကြောင်းလည်း ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေဦးကြီးမြင့်က ပြောသည်။
သို့သော် ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်များ တောင်းခံရန် နေပြည်တော်မှ စေလွှတ်လိုက်သော အရာရှိကြီးများ အင်းစိန်ထောင်တွင်းရှိ ပဒိုမန်းငြိမ်းမောင်ထံ လာရောက်တွေ့ဆုံခြင်း မရှိဟု ထောင်ပိုင် နှစ်ဦးစလုံးက ထွက်ဆိုခဲ့သည်။
ထို့ကြောင့် အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် အသုံးပြုရန် နေပြည်တော်မှ အရာရှိကြီးများအား ပဒိုမန်းငြိမ်းမောင်က အကြံပေးခဲ့ကြောင်း တောင်ကလေးဆရာတော်ကို တရားခံပြ သက်သေအဖြစ် လာမည့်ရုံးချိန်းတွင် ပင့်ဆောင်နိုင်ရန် ရှေ့နေဦးကြီးမြင့်က ကြိုးပမ်းနေသည်။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်း တရားရုံး၌ ကြားနာနေသည့် ပဒိုမန်းငြိမ်းမောင်၏ အမှုကို လာမည့် မတ်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
ပဒို မန်းငြိမ်းမောင်သည် ယမန်နှစ် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် မင်္ဂလာဒုံ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပဒိုမန်းငြိမ်းမောင်သည် မတရားသင်း ကြေညာခံထားရသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက်တင် တရားစွဲခံခဲ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက နေပြည်တော်တွင် KNU နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ မီးရထားဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး အထောက်အကူဖြစ်ရန် ပဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးမည် ဟုပြောဆို ခဲ့ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ်ထော က ပြောသည်။