၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီများက ပါတီမှတ်ပုံတင်ပြီးလျှင် တိုင်းရင်းသားလူမျိုးများ အဖွဲ့ချုပ် တခု တည်ထောင် ဖွဲ့စည်းသွားမည်ဟုပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၁၉၉၂ ၊ ၉၃ ခုနှစ်ဝန်းကျင်တွင် ဖျက်သိမ်းခံခဲ့ရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(MNDF)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့က အဓိက ဦးဆောင်ဖွဲ့စည်းကြမည်ဟု သိရသည်။
ယခု တည်ထောင်မည့် တိုင်းရင်းသားလူမျိုးများ အဖွဲ့ချုပ်ကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) သို့မဟုတ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ချုပ်(UNA) အနေနှင့် ပြန်လည်တည်ထောင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ဇိုမီး၊ ရခိုင်၊ မွန်၊ ရှမ်းပါတီတို့ မှတ်ပုံတင်ပြီးတာနဲ့ ဒီပါတီတွေစုပေါင်းပြီးတော့ ပြည်ထောင်စုတိုင်းရင်းသား အဖွဲချုပ် တခု တည်ထောင်မယ်၊ တိုင်းရင်းသား တန်းတူအရေး လုပ်ဆောင်သွားမယ်”ဟု ဦးအေးသာအောင်က ပြောဆိုသည်။
ထိုပါတီအားလုံး မှတ်ပုံတင်ခွင့်ရရှိပြီးလျှင် အစည်းအဝေး တရပ်ခေါ်ယူ ဆွေးနွေး၍ UNA သို့ UNLD ကို တရားဝင် မှတ်ပုံ တင် တည်ထောင်သွားမည်ဟုလည်း ဆိုသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ကို ၁၉၈၉ ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးပါတီ၂၁ ခုဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်းတွင် ဖျက်သိမ်းခံခဲ့ရသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ် အဖွဲ့(UNA)သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့ စုပေါင်း၍ SNLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။
ရခိုင်ပါတီ (ALD) သည် ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင် ပါတီမှတ်ပုံ တင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ လျှောက်ထားခဲ့ပြီး ဇိုမီး(ZNC) နှင့် မွန်ပါတီ(MNDF)၊ ရှမ်းပါတီ(SNLD) တို့သည် ယခုရက်ပိုင်းအတွင်း မှတ်ပုံတင် သွားမည်ဟု သိရသည်။
“ပါတီတရားဝင်ဖြစ်မှ နိုင်ငံရေး လွတ်လပ်စွာ လုပ်ခွင့်ရမယ်၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စက ကိုယ်ပိုင်ပြဌာန်းခွင့်တွေ လုပ် ဆောင်လို့ရမယ်”ဟု ဦးအေးသာအောင်က ပြောသည်။
ထိုပါတီများသည် ထောင်ဒဏ် နှစ်ရှည်ချခံထားရသည့် ဗိုလ်ချုပ် ဆေထင်၊ ဦးခွန်ထွန်းဦး စသည့် တိုင်းရင်းသား ခေါင်း ဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ပါတီ ပြန်လည် မှတ်ပုံတင်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ZNC မှ ဦးပူကျင့်ရှင်းထန် က ပြောသည်။
“ချင်းပြည်နယ်တခုလုံးကို အခြေခံပြီးတော့ လုပ်မှာပါ။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လမ်းပန်းဆက် သွယ်ရေး၊ ပညာရေး အဲဒါတွေ ဖွံဖြိုးဖို့လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ဦးအေးသာအောင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပင်လုံအခြခံသည့် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေး၊ ပြည်တွင်းစစ် ရပ်စဲ၍ ထာဝရငြိမ်းချမ်းရေး စသည်တို့ကို အဓိက လုပ်ဆောင်သွားမည်ဟု ပြောဆို သည်။
ဦးအေးသာအောင်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများစုပေါင်း ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူးလည်း ဖြစ် သည်။ CRPP သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲက တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ဖြစ်သည်။
သန့်စင်ငြိမ်းချမ်း ပူးပေါင်းရေးသားသည်။