အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ခရီးစဉ်အတွင်း လူထုမဲဆွယ်စည်းရုံးဟော ပြောမည့် နေရာနှင့်ပတ်သက်၍အာဏာပိုင်များ က ယခုအချိန်အထိ ခွင့်ပြုချက် မပေးသေးကြောင်း သတင်းရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရီ မြို့နယ်များ တွင် လူထုစည်းရုံးရေး ဟောပြောမည်ဖြစ်ပြီး ဟောပြောမည့်နေရာနှင့်ပတ်သက်ပြီး ဒေသ အာဏာပိုင်များက လုံခြုံရေး အကြောင်း ပြ
ချက်ဖြင့် ခွင့်ပြုခြင်းမရှိသေးကြောင်း အဆိုပါမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းများက ဧရာဝတီသို့ ပြောသည်။
ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန္ဒမင်းက“ဟောပြောလို့ရမယ့် ကွင်းနှစ်ကွင်း ရှာပြီးတင်ပါတယ်၊ နေပြည်တော် ကောင်စီရုံးနဲ့ နီးလို့ဆိုတဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပယ်ပါတယ်၊ အခုအချိန်အထိ နေရာမပေးသေးဘူး”ဟု ဆိုသည်။
ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးက အစိုးရပိုင် လူထုစုဝေးနိုင်သည့်နေရာများကို ပြုလုပ်ရန် ခွင့်မပြုသည့်အတွက် NLD ပါတီလိုလား သည့် ဂုံမင်းအင်း ကျေးရွာရှိ တောင်သူများပိုင် လယ်ကွင်း၌ ပြုလုပ်ခွင့်တောင်းခံခြင်းဖြစ်ကြောင်း၊ သို့သော် လုံခြုံရေးအကြောင်းပြ ချက်ဖြင့် ထပ်မံပယ်ချခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုသို့ မြို့နယ်အုပ်ချုပ်ရေးဋ္ဌာနက ဟောပြောပွဲပြုလုပ်ခွင့်ကို ငြင်းပယ်သည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လည်း ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။
မကြာမီရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတော့မည်ဖြစ်ပြီး တရားဟောမည့် နေရာခွင့်ပြုခြင်းမရှိလျှင် တရားပွဲကို ဇမ္ဗူသီရိမြို့နယ် NLDရုံးခန်းတွင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထိုအခြေအနေဆိုလျှင် လမ်းပိတ်ဆို့မှုဖြစ်လာနိုင်ကြောင်း ဒေါ်စန္ဒမင်း က ပြော သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဝန်ထမ်းအများစု နေထိုင်လျက်ရှိကြောင်း သိရသည်။ ဇမ္ဗူသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မဲဆန္ဒ နယ်မြေ ဖြစ်သည်။
ဒက္ခိဏသီရိ မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် ဦးနိုင်ငံလင်းကလည်း“ရန်အောင်မြင် ဘုရားနား က ကွင်းတုန်းက သာသနိက အဆောက်အဦးနဲ့ နီးလို့တဲ့၊ အဲဒီတော့ လွတ်လွတ်ကင်းကင်း ရွာမရွာဘက်မှာ လုပ်ဖို့တင်ထားတယ်၊ မရလည်း ဒီကွင်းမှာပဲ လုပ်မယ်”ဟု ပြောသည်။
ရွာမရွာအနီးရှိကွင်းမှာ ဟောပြောပွဲလာရောက်မည့် ပရိသတ်အတွက် အနည်းငယ်ဝေးလံသည့်အတွက် မော်တော်ယာဉ်ဖြင့် ကြိုပို့ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း သိရသည်။
မိမိဝင်ရောက်ယှဉ်ပြိုင်မည့် ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် တောင်သူအများဆုံးနေထိုင်ကြပြီး အစိုးရနှင့် စီးပွားရေး ကုမ္ပဏီကြီးများ၏ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှုများကို အများဆုံးခံစားနေရကြောင်း၊ ထို့ကြောင့် NLD အနေဖြင့် တောင်သူများအကျိုးအတွက် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ဆက်လက်ပြောသည်။
ဒက္ခိဏသီရိ မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဦးမြင့်လှိုင်၏ မဲဆန္ဒနယ်မြေ ဖြစ် သည်။
ပုဗ္ဗသီရိမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာမရရှိသေးကြောင်း၊ တောင်သူတဦး၏ လယ်ယာမြေတွင်ပြု လုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြထားသော်လည်း စာသင်ကျောင်းနှင့် နီးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ချကြောင်း NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောဆိုသည်။
“မူလတန်းကျောင်းနဲ့ နီးတာပါ၊ အခုအချိန်မှာ စာသင်ကျောင်းလည်း နွေရာသီကျောင်းပိတ်သွားပြီ၊ ထပ်တော့ ခွင့်ပြုချက်တောင်း ထားတယ်၊ မရသေးဘူး”ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လုပ်ကိုင်နေခြင်းဖြစ်၍ ခွင့်ပြုလိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ဦးဇေယျာသော်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ခရီးစဉ် အောင်မြင်စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ NLD ခေါင်း
ဆောင်ပိုင်းက သွားရောက်ကာ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိအခြေအနေ၌ နေပြည်တော် တချို့သောနေရာများတွင် NLDဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာများတွင်လည်း NLD ပါတီ ကိုမဲပေးလျှင် ဖမ်းဆီမည်၊ လျှပ်စစ်မီးဖြတ်တောက်မည်ဟု ခြိမ်းခြောက်မှုများရှိနေသေးသည်ဟု NLD က ပြောဆိုသည်။
မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့သို့ သွားရောက်မည်ဖြစ်ပြီး မန္တလေး- ပြင်ဦးလွင် ကားလမ်းအနီးရှိ အောင် ပင်လယ် ရပ်ကွက်တွင် လူထုကို ဟောပြောမည်ဖြစ်သည်။
ထို့နောက် မန္တလေးမြို့ နိုဗိုတယ် ဟိုတယ်တွင် တည်းခိုကာ မတ်လ ၄ရက်နေ့၌ ဝါဆိုဆရာတော်နှင့် မဟာဂန္ဓာရုံ ဆရာတော်တို့ အား ဖူးမျှော်မည်ဖြစ်ပြီး စစ်ကိုင်းမြို့လူထုကို ဧရာဝတီမြစ်ရှိ သဲသောင်ပြင်တွင် တရားဟောမည်ဖြစ်သည်။
မတ်လ ၅ ရက်နေ့တွင် တံတားဦး၊ နွားထိုးကြီး၊ မိထ္တီလာမြို့များသို့ ဝင်ရောက်မည်ဖြစ်ပြီး ညနေပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏ သီရိနှင့် ဇမ္ဗူသီရိမြို့နယ်များတွင် ဟောပြောပွဲများ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ရွိုင်ရယ် ကုမဒြာ ဟိုတယ်တွင် တည်းခိုကာ မတ်လ ၆ ရက်နေ့တွင် ဥတ္တရသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ဆက်လက်ဟောပြောမည် ဖြစ်ကြောင်း သိရသည်။