အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ခဲ့လျှင် ဝန်ကြီးရာထူး တနေရာကို လက်ခံမည်လော၊ သို့မဟုတ်လွှတ်တော်တွင်း အားကောင်းသည့် အတိုက်အခံအဖြစ် ရပ်တည်မည်လော ဆိုသည်ကို ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရဝန်ကြီး နေရာကို လက်ခံနိုင် မခံနိုင်၊ အစိုးရဘက်ကလည်း ဤသို့ ကမ်းလှမ်းနိုင်ခြင်း ရှိမရှိနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မည်သို့သော ဝန်ကြီးဌာနမျိုး ဖြစ်နိုင်ဖွယ်ရှိသည်တို့ကို ဆွေးနွေးကြခြင်းဖြစ်သည်ဟု သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ပညာရေးဝန်ကြီးဌာနတို့တွင် တာဝန်ပေးနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက Reuters သတင်းဌာသို့ ပြောကြားရာတွင် ယခုအချိန်အထိ ထိုသို့ ဝန်ကြီးဌာန နေရာယူရန် အစိုးရဘက်မှ ကမ်းလှမ်းဆွေးနွေးခြင်းမျိုး မရှိသေးကြောင်း ပြောကြားသွားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က ဝါရှင်တန်ပို့စ်သတင်းစာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကက်ဘိနက် ရာထူးတနေရာ ပေးရန်ရှိ မရှိ ဝါရှင်တန်ပို့စ်က မေးမြန်းရာ သမ္မတ ဦးသိန်းစိန်က “ကက်ဘိနက်အဖွဲ့ဝင်အဖြစ်နဲ့ အမည်စာရင်းတင်သွင်းဖို့က လွှတ်တော်ရဲ့ သဘောတူညီချက်ရယူပြီး လုပ်ရတာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်ရှိမှ ဒီလိုခန့်အပ်လို့ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ကက်ဘိနက် ဝန်ကြီးအားလုံးဟာလည်း လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်ထားတာ ဖြစ်ပါတယ်” ဟု ဖြေကြားသွားသည်။
ထို့အပြင် ဝါရှင်တန်ပို့စ်က သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကက်ဘိနက်ဝန်ကြီးတဦးအဖြစ် တွေ့မြင်လိုခြင်း ရှိမရှိမေးရာ လွှတ်တော်က သဘောတူ ခန့်အပ်လျှင် ကက်ဘိနက်ဝန်ကြီးအဖြစ် လက်ခံမည်ဟု ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝန်ကြီးဌာနတခုခုကို လက်ခံမည့်အစား အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ရန် ပို၍လိုလားကြောင်း သိရသည်။
ရန်ကုန် မီဒီယာအသိုင်းအဝိုင်းကမူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲမှ ကော်မတီတခုခုတွင်ဖြစ်စေ သို့မဟုတ် တိုင်းရင်းသားရေးရာ အမျိုးသား ရင်ကြားစေ့ရေး ကော်မတီကဲ့သို့ဖြစ်စေ ဦးဆောင်စေသင့်ကြောင်း ပြောဆိုကြသည်။
သို့သော် ယနေ့အချိန်အထိ လက်ရှိအာဏာရ အစိုးရအဖွဲ့ဝင်များကသာ အမျိုးသားရင်ကြားစေ့ရေးကို သူ့နည်းသူ့ဟန်ဖြင့် ကြိုးပမ်းနေခဲ့ရာ ထိုကော်မတီမျိုးတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးလိုခြင်း ရှိမရှိမှာ မေးခွန်းထုတ်စရာဖြစ်သည်။
နိုင်ငံတကာ အကူအညီအထောက်အပံ့များကို စီမံခန့်ခွဲသည့် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနကဲ့သို့ ဝန်ကြီးဌာနအသစ်ဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးကာ ဦးဆောင်စေသင့်ကြောင်း ရန်ကုန် မီဒီယာအသိုင်းအဝိုင်းမှ စာနယ်ဇင်းသမား တချို့က ဆိုသည်။ သို့သော် နိုင်ငံတကာ အကူအညီများကို ကြီးကြပ်ဆောင်ရွက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည့်ရန် ပုံအပ်ရန် အစိုးရက ဆန္ဒရှိမရှိကိုမူ သံသယဖြစ်ဖွယ်ရှိသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် နေရာ ၁၀ ရာခိုင်းနှုန်းဖြစ်သော အမတ်နေရာ ၄၈ နေရာသာ ယှဉ်ပြိုင်မည်ဖြစ်သော်လည်း နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိသည်။
လွှတ်တော်နှစ်ရပ်ပေါင်းတွင် လွှယ်တော်ကိုယ်စားလှယ် ဦးရေ ၁ ထောင်ကျော်အနက် စစ်တပ်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ယူပြီးဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကလည်း လွှတ်တော်တွင် လွှမ်းမိုးထားသည်။
နိုင်ငံရေးအကဲခတ်တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သွားလျှင် စစ်တပ်ကိုယ်စားလှယ်များနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီက ဝိုင်းဝန်းဖိအားပေးနိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတဝန်း မဲဆွယ်ခရီးစဉ်များတွင် အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လုပ်ဆောင်မည်ဟု ပြည်သူလူထုသို့ ပြောဆိုခဲ့သည်။
သို့သော် ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖွဲ့စည်းပုံအခြေဥပဒေတွင် ပြင်ဆင်စရာမရှိသေးကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ပြောဆိုခဲ့သည်။
ထို့အပြင် ဇန်နဝါရီလ အတွင်းကျင်းပသည့် ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတခု၌ ဦးဌေးဦးက လွှတ်တော်အတွင်း အမတ်နေရာ အများစုကို ကြံ့ခိုင်ရေးပါတီက အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင်ရယူထားနိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဟု ပြောဆိုခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း ရောက်မရောက်နှင့် အစိုးရဘက်မှ မည်သို့ ကမ်းလှမ်းမည်ကို အဆုံးအဖြတ်ပေးမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးအကဲခတ်များနှင့် ပြည်သူလူထုသာမက နိုင်ငံတကာကပါ စောင့်ကြည့်လျက်ရှိသည်။