မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လထဲ လူပြောအများဆုံး အမျိုးသားသရုပ်ဆောင်ကို ဆုပေးမယ် ဆိုရင် အဲဒီဆုကို မင်းအုပ်စိုး ရနိုင်ပါတယ်။
နေပြည်တော်အကယ်ဒမီပေးပွဲ အခမ်းအနား အပြင်ဘက်မှာ ခြံစည်းရိုးပေါ် ကျော်ခွတက်နေတဲ့ မင်းအုပ်စိုးရဲ့ပုံဟာ Facebook ပေါ် ရောက်လာပါတယ်။ ဒီမင်းသား အကယ်ဒမီ မရလို့ သောင်းကျန်းနေတာလားလို့ ပရိသတ်တချို့က သံသယ ဝင်ကြတာပေါ့။ အကယ်ဒမီဆုရသူများရဲ့ ဂုဏ်ပြုညစာစားပွဲတွေတက်ပြီး အရက်မူး၊ သောင်းကျန်းခဲ့ပါသေးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

ခြံကျော်တက်၊ မူးပြီးရစ်တာလောက်နဲ့တော့ လူပြောအများဆုံးဆု ဘယ်ရနိုင်ပါ့မလဲ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ဟာတော့ မင်းအုပ်စိုး အဲဒီဆု ရဖို့ အလားအလာ အကောင်းဆုံးနေ့ ဖြစ်သွားပါတယ်။
အဲဒီနေ့မှာ ဇာတ်လိုက် မင်းအုပ်စိုးက ရန်ကုန်မြို့၊ ဖိုးစိန်လမ်းက အမှိုက်ပုံတခုကို မီးရှို့လိုက်တယ်၊ ရဲတွေရောက်လာတယ်၊ ရောက်လာတဲ့ ရဲတွေထဲက တယောက်ကို ထိုး၊ ရဲကားမှန်တချပ်ကို ခွဲလိုက်တယ် ဆိုပြီး The Voice Weekly ဂျာနယ်မှာ ရေးသားထားပါတယ်။ အဲဒီဖြစ်ရပ် မှတ်တမ်းဓာတ်ပုံတွေ မရှိဘူးလို့ ယူဆရပါတယ်။ အဲ … ရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း ဖြစ်ထွန်းမှုတွေကတော့ မှတ်တမ်း ရှိပါတယ်။
အင်တာနက်မှာ ကနဦး တက်လာတဲ့ပုံကတော့ အေးရာအေးကြောင်းပါပဲ။ မင်းအုပ်စိုးက လမ်းလယ်မှာ တင်ပလ္လင်ခွေပြီး ထိုင်နေပါတယ်။ ဘေးမှာလည်း ကားတွေရှုပ်နေတာပဲ။
“ဟာ … မင်းအုပ်စိုး လမ်းလယ်မှာ ထိုင်နေတယ်” လို့ ဆိုတော့ ဧရာဝတီသတင်းဌာန စာတည်းတယောက်က “ဒီဆရာ ပါဖောင်းမင့် လုပ်နေတာထင်တယ်” တဲ့။ ထင်ရင်လည်း ထင်စရာမဟုတ်လား။
မင်းအုပ်စိုးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ သရပါ မဂ္ဂဇင်း အယ်ချုပ်၊ ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်၊ စာတွေလည်းရေးတဲ့သူမို့ ပါဖောင်းမင့် လို့ ခေါ်တဲ့ တင်ဆက်မှုအနုပညာကို ဖန်တီးတာ ဖြစ်မှာပါ ပေါ့လေ။ ဒီခေတ်မှာက နာမည်ကြီးရင် လိုင်းပေါင်းစုံ လုပ်တတ်ကြတယ်မဟုတ်လား။
မင်းအုပ်စိုး ပါဖောင်းမင့်လုပ်နေတာ မဟုတ်မှန်း ဘယ်အချိန်မှ သိသွားသလဲဆို နောက်ဆုံး ကားလမ်းပေါ် ပုဆိုးမပါ၊ အတွင်းခံဘောင်းဘီ မပါဘဲ လျှောက်သွားနေတဲ့သူ့ကို လူတယောက်က ဆွဲခေါ်နေတဲ့ပုံ Facebook မှာ တက်လာမှပဲ သိသွားပါတော့တယ်။ အခုတော့ တရားစွဲခံထားရပါပြီ။
မနှစ်တုန်းကလည်း မိုင်တိုင် ၇၄ လို့ ထင်ရှားတဲ့ “ကားပေါ်မှာလိုက်လာတယ်” ဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်မပါဘဲ မင်းအုပ်စိုးရဲ့ သရဝဏ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ဖြန့်တယ် ဆိုပြီး တရားစွဲခံထားရပါသေးတယ် တဲ့။
ဒီဇာတ်ကား တကားလုံး ဆင်ဆာ ထိသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုလ်မှူးတယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတယ် ဆိုတဲ့ အချက်လည်း ပါတယ်လို့ ဆိုတယ်။ ဆင်ဆာအဖွဲ့က ပိတ်ထားတာကိုတောင် ရဲရဲကြီး ဖြန့်ချိရဲတယ်ဆိုတော့ မင်းအုပ်စိုးမှာ ဘယ်လို သတ္တိခွန်အားတွေ ရှိနေသလဲလို့ တွေးသူက တွေးနေပါတယ်။
သူ့ကို အငြိမ်းစားဗိုလ်မှူးကြီးတဦးက မွေးစားထားလို့ ဒီလို ခွန်အားတွေ ရှိနေတာပေါ့ ဆိုပြီး တချို့က ပြောပါတယ်။
နောက်ဆုံးသတင်းအရ ဆိုရင် … သူ့အိမ်မှာ လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ရှိတာကို ရဲက တွေ့သွားတယ် တဲ့။ အခုတော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မင်းအုပ်စိုး ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၃၀ ကျော်တယ်လို့ ဆိုပါတယ်။
ဗဟန်းမြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ “သူ့အမှုတွေက အများကြီးပဲလေ။ အများကြီးဆိုတော့ ကျနော်တို့က ဘာကို ပြောရမှာလဲ” လို့ တာဝန်ကျ ရဲအရာရှိတဦး ဆိုပါတယ်။
ကဲ … သရုပ်ဆောင် မင်းအုပ်စိုးတယောက် သူများ မလုပ်ရဲတဲ့၊ ထူးခြားတဲ့ အလုပ်တွေ ဘယ်သူ့အားကိုးနဲ့များ သတ္တိကောင်းကောင်း လုပ်နေပါလိမ့်။ သူ့အမှုတွေဟာ ဘယ်လို ဖြစ်လာမလဲ၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ဘယ်လောက်တောင် တည့်မတ် မှန်ကန်လာပြီလဲ ဆိုတာကို ပြည်သူတွေနဲ့အတူ မစပ်စု စောင့်ကြည့်ရင်း…။
သီးလေးသီးကိုပိတ်တဲ့ ဂေါပက
ပြည်တော်ပြန်သီးလေးသီးရဲ့ ကျိုက်ခေါက်ဘုရားပွဲ ပြက်လုံးများကြောင့် ဘုရားဂေါပကအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ရပါတယ်။ သီးလေးသီးက ဘာတွေများ ပြက်လုံး ထုတ်လိုက်လို့လဲ။
လူရွှင်တော် ပန်းသီး ပြန်ပြောပြတဲ့ ပြက်လုံးခွင်တွေက ဒီလိုပါ –
“ဂေါပက အိပ်နေရင်မကျော်နဲ့။ သူ့ဗိုက်ထဲမှာ ဌာပနာတွေ ရှိတယ်”
“ဌာပနာတွေ မဟုတ်ဘူး၊ တကယ်တော့ သူ့ဗိုက်ထဲမှာ စောင်းတန်းကြီး ရှိနေတာ”
“ဂေါပက က ငွေမမက်ဘူး၊ ငါးထောင်တန်မှ”
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီအချိန်က ကျိုက်ခေါက်ဘုရားကြီး စောင်းတန်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းမှာ ငွေရေး ကြေးရေး ပြဿနာဖြစ်နေတယ်လို့ သန်လျင်မြို့သူ မြို့သားတွေ ထံက သိရပါတယ်။
ဂေါပကဗိုက်အကြောင်း ပြက်မိတဲ့ သီးလေးသီးအဖွဲ့ဟာ ကပြဖို့ ၃ ည လက်ခံထားရာကနေ ၂ ညသာ ကပြခွင့်ရခဲ့ပြီး ဂေါပက အဖွဲ့ရဲ့ ပိတ်ပင်ခြင်း ခံလိုက်ရပါတယ်။
နောက်ဆုံးညကို ကြည့်ဖို့ အားခဲထားကြတဲ့ ကျိုက်ခေါက် ပရိသတ်တွေ မကျေမနပ်ဖြစ်သွားကြပြီး သမ္မတကို တိုင်မယ် ဆိုတဲ့ အသံတွေလည်း ညံခဲ့တယ်လို့ သန်လျင်မြို့ခံတွေက ဆိုပါတယ်။
ဂေါပကအဖွဲ့ဝင်များကတော့ ပြင်ပမှာ ပြောနေကြတဲ့ မြေနေရာ နဲ့ ဘုရားငွေကို အလွဲသုံးစားလုပ်ခြင်း ဆိုတဲ့ တိုင်စာများဟာ အထောက်အထား ခိုင်မာမှု မရှိကြောင်း၊ မိမိတို့အနေနဲ့ ခုံရုံးတင် စစ်ဆေးမှု ခံယူပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ ရန်ကုန်ထုတ် Favourite News ဂျာနယ်မှာ ဖော်ပြထားပါတယ်။
သီးလေးသီးပွဲကန်ထရိုက်ကလည်း ၂ ညပဲ ကပြခွင့်ရလို့ မကျေနပ်ဘူး၊ ဂေါပက အဖွဲ့ကို တရားစွဲမယ် ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပြန်ပါသေးတယ်။
အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲတခုမှာ “check and balance အချင်းချင်း ပြန်လည် ထိန်းကျောင်းခြင်း ဆိုတာကို စနစ်ဟောင်းကို တွယ်တာတဲ့လူတွေက လက်မခံလိုဘူး။ ကိုယ့်ကိုယ်ကို check and balance ဆိုတာကို မခံလိုကြဘူး။ မခံချင်ကြဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတာ မင်းကို check လုပ်နေတယ်ဆိုရင် မခံချင်ကြဘူး … အဲဒီအခက်အခဲတွေကို ဖြေရှင်းရမယ်” လို့ ပြောခဲ့ပါတယ်။
ကဲ … အခုလည်း ကျိုက်ခေါက်ဘုရားဂေါပကတွေကို သီးလေးသီးအငြိမ့်အဖွဲ့ကပဲ check လိုက်သလား၊ ကျိုက်ခေါက် ဒေသခံတွေကပဲ check သလား၊ ကျိုက်ခေါက် ဂေါပက မတရား check ခံလိုက်ရသလား ဆိုတာကိုတော့ ကာယကံရှင်တွေကပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်နော်..။