ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) သည် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တတိယ အကြိမ်မြောက် ဆွေးနွေးမည် ဖြစ်ပြီးနိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် အတွက် ကြိုးပမ်းသွားမည်ဟု သိရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2011/12/22654-sumla6701.jpg)
ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် KIO မှ ခေါင်းဆောင်များ ရွှေလီမြို့၌ မတ်လ ၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီ ကို ပြောသည်။
“နိုင်ငံရေးအရ ဆွေးနွေးမှုမျိုး ဆွေးနွေးဖြစ်အောင် ကြိုးစားကြမှာပါ၊ ဒါပေမယ့် ဘယ်အချက်တွေ ဆိုတာမျိုးတော့ ကြိုတင် သတ်မှတ် ထားတာ မရှိပါဘူး၊ ဆွေးနွေးပွဲရဲ့ ရလဒ် အပေါ်မူတည်ပြီးတော့ ဘယ်လို အချက်တွေ သဘောတူကြမယ် ဆိုတာ သိရမှာပါ”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က ဆိုသည်။
KIA နှင့်အစိုးရ တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ကြသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ KIA ဌာနချုပ် တဝိုက်နှင့် တပ်မဟာ ၃၊ ၄၊ ၅ စသည့်ဒေသများ၌ နေ့စဉ် နီးပါး ဖြစ်ပွားကြောင်း သိရသည်။
“တိုက်ပွဲက နေ့တိုင်းဖြစ်ပါတယ်၊ အရင်လိုတော့ မပြင်းထန်ပါဘူး”ဟု ဗိုလ်မှူးချုပ် ဂွမ်းမော်က ဆိုသည်။
တိုက်ပွဲများသည် နိုင်ငံရေးအရ မပြေလည်၍ ဖြစ်ပွားရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးမှု ကိစ္စအား အခြေခံမူ အဖြစ် တောင်းဆို ထားပြီး ထိုမှတဆင့် အသေးစိတ် ဆွေးနွေးသွားမည်ဟု KIA က ဆိုသည်။
တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် မိမိတို့နေအိမ်များစွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်ကြောင်း၊ KIA ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ ဒုက္ခသည် စခန်းများသို့ ယခု ရက်ပိုင်း အတွင်း လူဦးရေ ၂၀၀ ဝန်းကျင် ထပ်မံ၍ တိုးပွားလာကြောင်း ကချင် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး အဖွဲ့မှ ဦးဒွဲပီစာ က ဧရာဝတီ ကို ပြောသည်။
လိုင်ဇာဒေသရှိ စခန်းများ၌ ဒုက္ခသည် ဦးရေ စုစုပေါင်း ၄၅၀၀၀ ကျော်ရှိကြောင်း၊ မြေပြန့်ဒေသရှိ စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားခြင်း၊ တောင်ပေါ် စခန်းများ၌ နှာစေး၊ ချောင်းဆိုးခြင်း တချို့ဖြစ်ပွားနေကြောင်း ဦးဒွဲပီစာ က ရှင်းပြသည်။
KIO ခေါင်းဆောင်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည်၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင်လည်း တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသေးသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ ခေါင်းဆောင် ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင် ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ထပ်မံပြုလုပ်လာခြင်း ဖြစ်သည်။
KIOသည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေးယူခဲ့သည်မှာ ၁၇ နှစ်ကြာမြင့်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ တိုက်ပွဲများပြန် လည် ဖြစ်ပွားခဲ့ရာ အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ရသည်။