သမ္မတ ဦးသိန်းစိန်၏ တနှစ်ပြည့် နိုင်ငံတော် မိန့်ခွန်းသည် ပြည်သူလူထုအပေါ် ကျိုးနွံမှုအရှိဆုံးနှင့် အနာဂတ်အတွက် ဉာဏ်အမြော်အမြင် ရှိမှုများ ပါဝင်နေသည့်မိန့်ခွန်းဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ပြောဆိုလိုက်ပြီး မိန့်ခွန်းပါ ပြောဆိုချက်များ အကောင်အထည် ပေါ်လာရေး ပူးပေါင်း အဖြေရှာသွားကြရန် တိုက်တွန်းလိုက်သည်။
ယမန်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်ရှိ ၎င်းတို့၏ ရုံးခန်း၌ ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “ကျနော်တို့ကိုယ်တိုင် သမ္မတတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တောင်၊ ရေးမယ်ဆိုရင်တောင် ဒီထက်သာတဲ့ မိန့်ခွန်းမျိုးရေးဖို့ အင်မတန်ခက်ပါတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျနော်တို့ ရပါတယ်” ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသွားသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဧရာဝတီတိုင်း ဟင်္သာတမြို့မှ စတင်ကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်များသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာစေရေး ဟောပြောမှုများ လုပ်ဆောင်ခဲ့သည်။
ကိုမင်းကိုနိုင်က အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း၊ ၎င်းတို့ ၈၈ မျိုးဆက် ကျောင်းသားများကို စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်ခွင့်များ ပေးသော်လည်း တချို့အောက်ခြေပိုင်းတွင် ယခင်စစ်အစိုးရ လုပ်နည်းများအတိုင်း မပြင်နိုင်သေးသည်များ ရှိနေကြောင်းလည်း ပြောသည်။
ထို့အပြင် သမ္မတ၏ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ပြောဆိုချက်ကိုလည်း ၈၈ ကျောင်းသားများက ကြိုဆိုလိုက်ပြီး လုပ်ဆောင်စရာများ ကျန်နေသေးကြောင်းလည်း အပြုသဘော ထောက်ပြကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးက ငြိမ်းချမ်းရေးတွင် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး ပြောဆိုနေခြင်းသည် စစ်ရေးဦးစားပေး စဉ်းစားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး လုပ်ပေးလျှင် တိုင်းရင်းသားများနှင့် မပြေမလည်ဖြစ်နေမှုများ ချုပ်ငြိမ်းသွားမည် ဆိုခြင်းသည်လည်း စီးပွားရေးအမြင်ဖြင့် ဦးစားပေး စဉ်းစားခြင်းဖြစ်ကြောင်း၊ ဖြစ်သင့်သည်မှာ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းရေးဆိုင်ရာ ရှုထောင့်၊ တိုင်းရင်းသား တန်းတူရေးများပါဝင်သော နိုင်ငံရေးရှုထောင့်များ ပါဝင်သည့် ချည်းကပ် ဖြေရှင်းမှုမျိုးကသာလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရမည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အရင်က ပြဿနာတွေ ရှိတယ်ဆိုတာကို လက်မခံခဲ့ရာက အခု ပြဿနာကို ပြဿနာအဖြစ် အသိအမှတ်ပြုတာဟာ အလွန်ကောင်းတဲ့ ခြေလှမ်းတရပ်ပါ။ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အားလုံးအတူ ပူးပေါင်းပြီး ရှုထောင့်ပေါင်းစုံက ချည်းကပ်ပြီး ဖော်ဆောင်သွားကြဖို့ပါပဲ” ဟု ကိုကိုကြီးက ဆက်ပြောသည်။
သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင်လည်း တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးကို ပြောဆိုလာသည့်အတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း ၈၈ ကျောင်းသားများက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ အကျဉ်းထောင်များမှ လွတ်မြောက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။