ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း ယနေ့နံနက် ဆယ်နာရီခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
ဗုံးပေါက်ကွဲချိန်သည် ရုံးတက်ချိန် ဖြစ်သော်လည်း ဝန်ထမ်းတဦးမျှ ထိခိုက်ဒဏ်ရာမရရှိဟု သိရကြောင်း၊ ပေါက်ကွဲမှု အရှိန်ကြောင့် အုပ်ချုပ်ရေးမှူးရုံး အမိုးပွင့်ထွက်သွားကြောင်း မြို့နယ်ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
“သေဆုံးဒဏ်ရာတော့ မရှိပါဘူး။ ထိခိုက်မှုကတော့ အမိုးပွင့်ထွက်သွားတာပဲ ရှိပါတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ဌာန တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
ပေါက်ကွဲသော ဗုံးအမျိုးအစားကို ရဲအဖွဲ့က ချိန်ကိုက်ဗုံးဟု လတ်တလော ယူဆထားပြီး အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲသူတရားခံကိုလည်း ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဟင်္သာတမြို့ခံတချို့ကမူ ဝန်ထမ်းတချို့ ဒဏ်ရာရသည်ဟု ပြောဆိုနေကြပြီး သေဆုံးသည့်သတင်းကိုမူ မကြားသိရကြောင်း ပြောသည်။
ထို့အပြင် ဟင်္သာတမြို့ မြန်မာ့ဆက်သွယ်ရေး ရုံးဝန်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်အောက်တွင်လည်း မပေါက်ကွဲသေးသော ဗုံးတလုံးအား တွေ့ရှိရကြောင်း မြို့နယ်ရဲအရာရှိက ပြောသည်။ ယင်းဗုံးကို ခလရ (၁၈) က လာရောက်ရှင်းလင်းသည်ဟု သိရှိရသည်။
ဗုံးပေါက်ကွဲပြီးနောက် မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ဟင်္သာတမြို့တွင်းနှင့် မြို့အဝင် အထွက်ဂိတ်များတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ကာ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။