မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ရောင်းချနေသော မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲအထိ ဈေးလျှော့ရောင်းပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။
လာမည့် မတ်လ ၁၄ ရက်နေ့မှစတင်၍ ပထမအဆင့် အနေဖြင့် GSM မိုဘိုင်းဖုန်းများကို ကျပ် ၂ သိန်း၊ WCDMA မိုဘိုင်းဖုန်းများကို ကျပ် ၂ သိန်းခွဲဖြင့် ဈေးလျှော့ ရောင်းချပေးမည် ဖြစ်ကြောင်း၊ စတင် ချထားပေးချိန်တွင် တနိုင်ငံလုံး၌ အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။
“ပြည်နယ်၊ တိုင်းတွေမှာ ချထားပေးတဲ့ ဖုန်းတွေက ရန်ကုန်နဲ့ မန္တလေးမှာ စပြီး သုံးလို့ရသေးမှာ မဟုတ်ဘူး။ အဓိက ဆက်သွယ်ရေးကွန်ရက်တွေ မပြီးသေးလို့ပါ။ မေလလောက်မှ အားလုံး ဆက်သွယ်ရေးပြီးစီးမှ ဖုန်းအားလုံး တနိုင်ငံလုံးကို ချိတ်ဆက်သုံးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လောလောဆယ်က ဖုန်းတွေကို အဆင်ပြေပြေ သုံးလို့ရအောင်လို့ အစောကြီး ချထားပေးလိုက်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
မိုဘိုင်းလ်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ပူးဆောင်ရွက်နေသော ပုဂ္ဂလိက ကုမ္ပဏီများက ပြည်သူလူထုဆီသို့ One Stop Service ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း Handset
အရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်ကြမည်ဟု သိရှိရသည်။
ဦးသိန်းစိန်က သမ္မတသက်တမ်း တစ်နှစ်ပြည့်မိန့်ခွန်းတွင် “လောလောဆယ်မှာ ကျနော်တို့ တည်ဆောက်ရေးတွေ ဆောင်ရွက်နေရပါတယ်။ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒကို ပြည့်အောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အကောင်းဆုံးနည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
သမ္မတ၏ လမ်းညွှန်ချက်အရ မတ်လ ၁၄ ရက်နေ့မှစပြီး ပြည်တွင်းခေါ်ဆိုခ နှုန်းထားများကို ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း ခေါ်ဆိုမှုများအတွက် လက်ရှိနှုန်းထား၏ ထက်ဝက် (တမိနစ်လျှင် ၂၅ ကျပ်) နှုန်းဖြင့် လျှော့ချမည်ဖြစ်ကြောင်း၊ ယခု မိုဘိုင်းဖုန်းဈေးများကိုလည်း ပထမအဆင့်အနေဖြင့် လျှော့ချပေးနေပြီး ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပြည့်စုံလာသောအခါ ဈေးနှုန်းများကို နိုင်ငံတကာ စံညွှန်းအတိုင်း ဖြစ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ကိုးကား၍ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM မိုဘိုင်းဖုန်းများကို မတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်နယ်များ၊ ဧပြီလ ၉ ရက်နေ့တွင် တိုင်းများ၊ ဧပြီလနောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့တွင် အသီးသီးချထားပေးပြီး မေလလယ်တွင် တနိုင်ငံလုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂ သိန်းခွဲဖြင့်ရောင်းချမည့် WCDMA မိုဘိုင်းဖုန်းများကို အလုံးရေ များပြားနေသည့်အတွက် လတ်တလော ရောင်းချဦးမည်မဟုတ်ကြောင်းလည်း သိရှိရသည်။
မိုဘိုင်းလ်ဖုန်း သန်း ၃၀ ကို ၅ နှစ်အတွင်း ချထားပေးမည်ဖြစ်ပြီး ပထမစီမံကိန်းနှစ်တွင် မိုဘိုင်းလ်ဖုန်း အလုံး ၄ သန်းကို တနိုင်ငံလုံးတွင် ချထားပေးမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ယင်းသတင်းကြောင့် ရန်ကုန်မြို့ရှိ ဖုန်း Handset အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များက တရုတ်နှင့် ထိုင်း-မြန်မာနယ်စပ်မှ Handset များ ထပ်မံတင်သွင်းရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
“နယ်တွေမှာပါ ဖုန်းတွေချပေးမှာဆိုတော့ ဈေးသက်သာတဲ့ တရုတ် Handset တွေ ထပ်သွင်းဖို့ လုပ်နေကြပြီ။ နယ်ဈေးကွက်ကိုပဲ အဓိကအားကိုးပြီး ရောင်းဖို့ပြင်တဲ့ ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေက အများစုပဲ” ဟု ရန်ကုန်မြို့မှ ဖုန်း Handset အရောင်းဆိုင် မန်နေဂျာတဦးက ပြောသည်။
မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီကြီးများဖြစ်ကြသည့် E-Lite, ရတနာပုံတယ်လီပို့၊ IGE အပါအဝင် ကုမ္ပဏီ ၂၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
စစ်အစိုးလက်ထက် မိုဘိုင်းလ်ဖုန်းများ စတင်သုံးစွဲချိန်က မိုဘိုင်းလ်ဖုန်းတလုံးလျှင် ကျပ် သိန်း ၅၀ အထိ ဈေးပေါက်ခဲ့ပြီး အစိုးရက ကျပ် ၁၅ သိန်းဖြင့် ရောင်းချခဲ့သည်။ ယင်းနောက် ၁၅ သိန်းမှ ၅ သိန်းသို့ လျှော့ချခဲ့ပြီး ယခုအခါ ကျပ် ၅ သိန်းမှ ၂ သိန်းနှင့် ၂ သိန်းခွဲအထိ လျှော့ချလိုက်ခြင်းဖြစ်သည်။
မကြာသေးမီက ရွှေပြည်တံခွန်ကုမ္ပဏီက ကျပ် ၅ ထောင်တန် GSM ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဥပဒေအရ မဖြစ်နိုင်ဟု ထုတ်ပြန်ပြောဆိုလိုက်သည့်အတွက် ပြည်သူများနှင့် မီဒီယာများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။