မြန်မာ နိုင်ငံသည် အမှန်တကယ် ဒီမိုကရေစီလမ်းကို သွားနေခြင်း ရှိမရှိကို ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်မှုသာမက မဲဆွယ်စည်းရုံးမှု လွတ်လပ်ခွင့်ကိုပါကြည့်ပြီး နိုင်ငံတကာက သတ်မှတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်သည်။
“ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကိုကြည့်ပြီး နိုင်ငံတကာက ဆုံးဖြတ်မှာပါ။ ရွေးကောက်ပွဲဖြစ်စဉ်ဆိုတာ ဒီရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဲထည့်တာ၊ လွတ်လပ်တာ၊ တရားမျှတာတာကိုပဲ ကျမတို့ ပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်မီအချိန်မှာ၊ စည်းရုံးရေး ကာလမှာ လုပ်ပုံလုပ်နည်းတွေက မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကမ္ဘာက ကြည့်နေတယ်ဆိုတာ ကျမ အသိပေးပါရစေ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ မိုင်ဒါကွင်း မဲဆွယ်ဟောပြောပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။
NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် နေပြည်တော်မှ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့သို့ ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်က ရောက်ရှိလာပြီး မိုင်ဒါကွင်းအတွင်းရှိ ရာနှင့်ချီသော လူထုပရိတ်သတ်ကို ၁၅ မိနစ်ခန့် မဲဆွယ်ဟောပြောသည်။
“ကိုယ့်ဟာကိုယ်ချည်း နိုင်ချင်ဇောနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ကျမတို့ တနိုင်ငံလုံး နာမယ်ဆိုတာ သေချာမှတ်ထားကြပါလို့ ကျမတို့ ပြောချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အကူအညီပေးရေး စိတ်ဝင်စားလာကြသည်မှာ တနှစ်ခန့်သာ ရှိသေးပြီး ကန့်သတ်မှုများ လုပ်ဆောင်ပါက လိုအပ်သည့် နိုင်ငံတကာအကူအညီများလည်း မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် တက်တော့မယ်၊ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အစုအဖွဲ့ပေါင်းစုံ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရတော့မယ်လို့ ထင်လို့ ကူညီချင်တဲ့ စိတ်တွေ ရှိနေတာပါ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘယ်သူ မပါကြေး၊ တို့ပဲပါကြေးဆိုတာ လုပ်လို့တော့ ဒီမိုကရေစီလမ်းပေါ်မှာ ရောက်မှာလည်း မဟုတ်ဘူး၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း ရမှာ မဟုတ်ဘူးဆိုတာကို ကျမက ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများကို မိမိ၏ သားသမီးအရင်းပမာ စိတ်ထားပြီး နိုင်ငံသားများ နစ်နာမည့်အရာများကို မလုပ်သင့်ကြောင်းလည်း မဟောသဓာ သားတရား စီရင်ခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားသည်။
“ဒါကြောင့်မို့ ကိုယ့်အတွက်ကိုယ်တင် မကြည့်ပါနဲ့။ မဟောသဓာ သားစီရင်ခန်းထဲက ဘီးလူးမလို ကိုယ်လိုချင်တာပဲ ကိုယ်မဆွဲပါနဲ့။ ကိုယ်လိုချင်တာကိုပဲ ဆွဲလို့ရှိရင် ကိုယ့်သားနာမယ်ဆိုတဲ့ ပြည်သူတွေ နာမယ့်ကိစ္စတွေ မလုပ်ပါနဲ့။ ကျမတို့ နိုင်ငံကို ကမ္ဘာက အထင်သေးရမယ့် ကိစ္စတွေကို မလုပ်ပါနဲ့လို့ ကျမကတော့ သက်ဆိုင်သူ အားလုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
NLD အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ လုပ်မှားကိုင်မှား ရှိခဲ့လျှင်လည်း NLD အဖွဲ့ချုပ်သို့ စာရေးတိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တင်ပြပြောဆို တိုင်ကြားမှုများကို သိရမှသာ၊ ပြည်သူ၏အသံကို ကြားသိရမှသာ NLD အဖွဲ့ချုပ်ကို မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ယနေ့ နံနက် ၇ နာရီခန့်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာ်သော်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိ မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အောက်တန်းကျသည့်လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက NLD ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်တချို့သည် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို ကန့်သတ်နေကြောင်း၊ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း ပြောဆိုဝေဖန်ခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး အစောပိုင်းက ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကိုလည်း ဦးဉာဏ်ဝင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က မန္တလေးတိုင်း တံတားဦးမြို့၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့များမှတဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး ယနေ့တွင် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။